နိုဝင်ဘာ-၁၀၊၂၀၂၅။ဇေအောင်၊ထားမြတ်/People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY-PDFရဲ့ စိုးမိုးနယ်မြေတွေဖြစ်တဲ့ မတ္တရာ၊ စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနိုင်လို့ ပြည်သူတွေ ကြိုတင် ပြင်ဆင်ထားကြဖို့ ဒီကနေ့ (နိုဝင်ဘာ ၁၀ရက်)မှာထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ၂၀၂၅ ဒီဇင်ဘာနဲ့ ၂၀၂၆ဇန်နဝါရီတို့မှာ“တရားမဝင်၊ အတု အယောင်ရွေးကောက်ပွဲ”ကို အဓမ္မပြုလုပ်ဖို့ ဆောင်ရွက်နေပြီး အဲဒီကာလမတိုင်မီမှာ သာလွန်အင်အားများစွာ အသုံးပြုပြီး တော်လှန်ရေးတပ်ဖွဲ့များရဲ့ ထိန်းချုပ်စိုးမိုးနယ်မြေတွေကို အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း မန္တလေး PDFက အသိပေးပါတယ်။
မန္တလေး PDFရဲ့ လှုပ်ရှားစိုးမိုးရာနယ်မြေတွေဖြစ်တဲ့ မတ္တရာ၊ စဥ့်ကူးနဲ့သပိတ်ကျင်းမြို့နယ် တွေမှာလည်း အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲ ပြုလုပ်ဖို့လျာထားတဲ့ မြို့နယ်တွေစာရင်းမှာ ပါဝင်နေတယ်လို့ မန္တလေး PDFက ထပ်မံ အသိပေးပါတယ်။

Public Service Announcement
အခုအခါ မတ္တရာ၊ စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ တနေ့ထက်တနေ့ စစ်ရေးတိုက်ပွဲတွေ ပိုမိုပြင်းထန်လာကာ အဲဒီ ဒေသတွင်းနေ ပြည်သူလူထုအနေနဲ့ တိုက်ပွဲတွင်း ကြုံတွေ့ရနိုင်တဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ကြဖို့နဲ့ ဘေးအန္တရာယ်ကင်းနိုင်ရေးအတွက် လိုအပ်တဲ့အစီအမံများ လုပ်ဆောင်ထားဖို့ မန္တလေးPDFက မေတ္တာရပ်ခံ တိုက်တွန်းပါတယ်။
မန္တလေး PDFဟာအာဏာသိမ်းစစ်ကောင်စီရဲ့လက်ရှိထိုးစစ်ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆက်လက် ခုခံကာကွယ်သွားမှာဖြစ်ကြောင်း၊ ပြည်သူ့တော်လှန်ရေးကြီးရဲ့ အဆုံးသတ်ပန်းတိုင်ကို ရောက်သည်အထိ မဆုတ်မနစ် ဆက်လက်ချီတက်သွားမယ်လို့ မန္တလေးPDFက အသိပေးထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ပွဲအတွက် စိုးမိုးနယ်မြေတွေ ပြန်လည်ရယူနိုင်ဖို့ ထိုးစစ်ဆင်တာတွေကို မြေပြန့် နဲ့ ချင်းပြည်နယ်ကို ဦးတည်လုပ်ဆောင်နေကြောင်း ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြောကြားထားပါတယ်။
အထူးသဖြင့် ချင်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ စစ်အင်အား ထောင်ချီ အသုံးပြု ထိုးစစ်ဆင်နေတာဖြစ်ကြောင်း အသိပေးပါတယ်။
စစ်ကောင်စီဟာ ရှမ်းမြောက်မှာအပစ်ရပ်စဲရေး ဖော်ဆောင်ပြီးနောက် မြေပြန့်နဲ့ ချင်းပြည်နယ်ကို ထိုးစစ်အရှိန်မြှင့် လုပ်ဆောင်တာ ရက္ခိုင်၊ ကချင်ပြည်နယ်အပါအဝင် နိုင်ငံတဝန်း လေကြောင်း စစ်ဆင်ရေး အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောကြားထားပါတယ်။
















































