Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရဲ့ရွေးကောက်ပွဲ ပြည်သူအားလုံး ရာသက်ပန်စစ်ကျွန်ဖြစ်စေဖို့ ဖန်တီးနေတာဟု လူထုလှုပ်ရှားမှု ဦးဆောင်သူတွေပြော

ရွေးကောက်ပွဲပြီးပြဿနာတွေ ပြေလည်မယ်လို့ဝါဒဖြန့်နေမှုထောက်ချောက်သာဖြစ်ဟု သတိပေး

စစ်ကောင်စီရွေးကောက်ပွဲအလိုမရှိကြောင်း ဖားကန့်မြို့၌ ဆန္ဒပြနေစဉ်။ ဓာတ်ပုံ − ဖားကန့် သပိတ်

နိုဝင်ဘာ-၁၀၊ ၂၀၂၅။ ထားမြတ်/People’s Spring

ပြည်သူ့အာဏာကို မတရားသိမ်းယူထားပြီး နိုင်ငံခေါင်းဆောင်တွေ၊ကျောင်းသားခေါင်းဆောင်တွေ ပြည်သူတွေကိုမတရားဖမ်းဆီးပြီး ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ သူတွေ ပြုလုပ်တဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိဘူးလို့ လူထုလှုပ်ရှားမှု ဦးဆောင်သူတွေက ပြောကြားခဲ့ပြီး စစ်ကောင်စီရွေးကောက်ပွဲဟာ ပြည်သူတွေကို ရာသက်ပန် စစ်ကျွန်ဖြစ်စေဖို့ ရည်ရွယ်တဲ့ လုပ်ရပ်သားဖြစ်ကြောင်း သတိပေးပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၁၀ရက်မှာကျင်းပတဲ့စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲမှာ ဘာကြောင့် မဲမပေးကြဖို့ ပြောရတာလဲ စကားဝိုင်းဆွေးနွေးပွဲမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု မှာ ဦးဆောင်ပါဝင်နေသူတွေက အခုလို ပြောကြားခဲ့တာပါ။

“ပြည်သူ့အာဏာကို မတရားသိမ်းယူပြီးတော့ ပြည်သူတွေအပေါ်မှာ အကြမ်းဖက်မှုတွေကို ကျူးလွန်နေတဲ့ သူတွေ ပြုလုပ်တဲ့ရွေးကောက်ပွဲဆိုတာက တကယ်တန်းပြောရလို့ရှိရင် ခွေးပါးစပ်က နတ်စကားထွက်တဲ့အတိုင်းပဲ ပေါ့ ဘယ်လိုမှ ယုံကြည်နိုင်ဖွယ်လည်းမရှိဘူး လက်ခံနိုင်ဖွယ်လည်းမရှိဘူးဆိုတဲ့ဟာမျိုးပေါ့”လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) အတွင်းရေးမှူးအဖွဲ့ဝင် မချောစုစံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တဖက်မှာ ရွေးကောက်ပွဲအော်နေချိန် တဖက်မှာ ညှင်းပမ်းနှိပ်စက်မှုတွေ လုပ်နေသူတွေက လုပ်တဲ့ရွေးကောက်ပွဲဟာ ဘယ်လိုမှ လွတ်လပ်ပြီး တရားမျှတမှုလည်းရှိမှာ မဟုတ်လို့ ဒီရွေးကောက်ပွဲကို ဆန့်ကျင်ရတာဖြစ်တယ်လို့ အသိပေးပါတယ်။

စစ်ကောင်စီ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲဟာ စစ်ကောင်စီဘက်က ပြည်သူအပေါ် တောက်လျှောက်ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကို ပြည်ဖုံးကားချဖို့လုပ်ရပ်သာဖြစ်တယ်လို့ မချောစုစံက ပြောပါတယ်။

” ရွေးကောက်ပွဲတရပ်ကျင်းပပြီးတော့မှ တက်လာတဲ့ အစိုးရသစ်နဲ့အတူ သူတို့ ရှေ့မှာလုပ်ခဲ့တဲ့ စစ်ကော်မရှင်ဘက်က ပြုလုပ်ခဲ့တဲ့ စစ်ရာဇဝတ်မှု ချိုးဖောက်မှုတွေ အားလုံးကို ဒါဟာ ကာဗာလုပ်လိုက်တာ။ ပြည်ဖုံးကားချလိုက်တဲ့ ပုံစံမျိုးဖြစ်တယ်”လို့ မချောစုစံက ဆွေးနွေးခဲ့ပါတယ်။

စစ်ကောင်စီရွေးကောက်ပွဲက တက်လာတဲ့ အစိုးရဆိုတာဟာလည်း ပြည်သူတွေကို ဆက်လက်ပြီး အကြမ်းဖက်မှုတွေ ပေါ်ပေါ်ထင်ထင် ပြောင်ပြောင်တင်းတင်း လုပ်ခွင့်ရအောင် အခွင့်အရေးပေးလိုက်သလို ဖြစ်စေမယ်လို့ မချောစုစံက ပြောပါတယ်။

ရွေးကောက်ပွဲ နောက်ဆက်တွဲမှာ လူထုက အထွေထွေအကြပ်အတည်းတွေ ကြုံရမယ့်အပြင် စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုကို အခုထက်ပိုကြုံရမယ် လို့ သတိပေးပါတယ်။

ဒါကြေငာ့် စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ ပြည်သူ့လူထုအတွက် ထွက်ပေါက်မဟုတ်၊ ထောင်ချောက်သာဖြစ်တယ်လို့လည်း မချောစုစံက ပြောပါတယ်။

စစ်ကောင်စီဘက်က ရွေးကောက်ပွဲလုပ်ရင်အားလုံးပြေလည်သွားလိမ့်မယ် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြဿနာတွေ ရွေးကောက်ပွဲပြီးရင် ပြေလည်သွားလိမ့်မယ်ဆိုတာမျိုး လေသံလွှင့်ထားပေမယ့် လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ စစ်မီးပဋိပက္ခတွေ ငြိမ်းချမ်းသွားမယ့်အဖြေမဟုတ်ဘူးလို့ မချောစုစံက ပြောပါတယ်။

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ သူတို့ရဲ့ ထွက်ပေါက်အဖြစ် အသုံးချမှုသာဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ရေး နိုင်ငံရေး အဘက်ဘက်က အထွေထွေအကြပ်အတည်းရင်ဆိုင်နေရသလို တဖက်မှာလည်း ပြည်သူက ဆန့်ကျင်နေတဲ့ ဖိအားတွေ ကြုံရလို့ စစ်တပ်က နိုင်ငံရေးအရ ထွက်ပေါက်ရှာဖို့ ရွေးကောက်ပွဲကို လုပ်တာလို့ မချောစုစံက ပြောပါတယ်။

“ ရွေးကောက်ပွဲလုပ်လိုက်လို့ရှိရင် လက်ရှိ ကြုံရတဲ့ ပြဿနာတွေ ပြေလည်သွားမလားလို့ ထင်ရပေမယ့်တကယ့်အတကယ် ဒါဟာ ထောင်ချောက်ကြီးတခုသာဖြစ်တယ်။ ထွက်ပေါက်မဟုတ်ဘူး ထောင်ချောက်။ စစ်ကော်မရှင်အတွက်တော့ ဒါဟာ နိုင်ငံရေးအရ ထွက်ပေါက်တခုဖြစ်လိမ့်မယ်။ ဒါပေမဲ့ ပြည်သူအတွက်က ဒါကြီးက ထောင်ချောက်တခုပဲ။”လို့ မချောစုစံက ပြောပါတယ်။

လူထုသပိတ်တိုက်ပွဲ ဦးဆောင်သူတဦးဖြစ်တဲ့ ကိုခန့်ဝေဖြိုးကလည်း စစ်တပ်လုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူတွေ သပိတ်မှောက်ဖို့လိုကြောင်း ပြောပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ရွေးကောက်ပွဲ ကြီးမှုးကျင်းပခွင့် မရှိဟုလည်း သူက ပြောပါတယ်။ စစ်တပ်ဟာ အာဏာသိမ်းကတည်းက နိုင်ငံတော် ပုန်ကန်မှု ကျူးလွန်ခဲ့တာဖြစ်သလို စစ်တပ်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ထားတာဖြစ်တယ်လို့ ပြောပါတယ်။

ဒီမိုကရေစီကို အာမခံထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရပ်အောက်မှာပဲ လွတ်လပ်တရားမျှတတဲ့ ဒီမိုကရေစီရွေးကောက်ပွဲတွေဖြစ်နိုင်မယ်လို့ လည်း ကိုခန့်ဝေဖြိုးက ပြောကြားပြီး ၂၀၀၈ ခြေဥအောက်က ကျင်းပတဲ့ ရွေးကောက်ပွဲတွေဟာ စစ်အာဏာရှင်စနစ် မျက်နှာဖုံးတပ်ထားတဲ့ ဘီလူးကို မင်းသားမျက်နှာဖုံးစွပ်ထားတဲ့ အတုအယောင်ရွေးကောက်ပွဲတွေသာဖြစ်မယ်လို့ ပြောပါတယ်။

ဒါကြောင့် အခုစစ်တပ်ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ်ကို ပြန်လည်သက်ဆင်းမယ့် ရွေးကောက်ပွဲဖြစ်ကြောင်း သူက ပြောပါတယ်။

“ ပြည်သူလူထုအားလုံး ထာ၀ရ စစ်ကျွန် ရာသက်ပန်ဖြစ်သွားနိုင်တဲ့ အခင်းအကျင်းထဲ ရောက်သွားမှာဖြစ်ပါတယ်” လို့ ကိုခန့်ဝေဖြိုးက ပြောပါတယ်။

အဲဒီလို အခြေအနေရောက်ရင် ပြည်သူတရပ်လုံးလွတ်မြောက်ရေး ရှာဖွေရာမှာ အခုထက်မက အခက်အခဲတွေ ကြုံရမှာ ဖြစ်တယ်လို့လည်းသတိပေးပါတယ်။

လက်ရှိ စစ်ကောင်စီဘက်ကလည်း ဓားမိုး၊ သေနတ်ထောက်ပြီး ရွေးကောက်ပွဲမဖြစ်ဖြစ်အာင် လုပ်ဆောင်လိမ့်မည်ဖြစ်ကြောင်း မချောစုစံက ဆွေးနွေးပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ မဖြစ်အောင် လုပ်နိုင်တာမရှိပေမယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ တရားဝင်မှု လျော့ကျဖို့ ဂုဏ်သိက္ခာပိုင်းကျဆင်းဖို့ အခုလို ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ဆောင်ရွက်နေတာ ဖြစ်တယ်လို့ မချောစုစံက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။