နိုဝင်ဘာ-၁၀၊၂၀၂၅။လူအေး/People’s Spring
ဖားကန့်မှာ ဒီနေ့မနက်ပိုင်းအထိ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး KIA ၊KPDF ရဲ့ ပြင်းအားမြင့်တဲ့မိုင်းဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်တပ်ယာဉ်တန်းအထိနာပြီး ထိခိုက်သေဆုံးမှုတွေများပြားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။
ဖားကန့်မြို့နယ်၊လုံးခင်း ကျေးရွာအုပ်စုပတ်ဝန်းကျင် နဲ့ မှော်စီစာလမ်းဆုံမှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ယာဉ်တန်းကိုလည်း ချက်ကောင်းထိအောင် မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
“ ချက်ကောင်းကို ထိတာ။သေတဲ့စာရင်း မရနိုင်ဘူး။မိုင်းကလည်း ရှယ်ပြင်း။စစ်တပ်ကရမ်းသမ်းပြီး ပစ်သွားသေးတာ” လို့ KIA နဲ့ နီးစပ်သူကပြောပါတယ်။

Public Service Announcement
ဒေသခံတွေရဲ့ကားတွေကိုချောဆွဲပြီး စစ်တပ်က ထိခိုက်သေဆုံးတဲ့သူတွေကိုသယ်ဆောင်သွားပြီး ၊အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးနေတာတွေရှိနေတယ်လို့သတင်းရရှိပါတယ်။
“ စစ်ကောင်စီတပ်တွေက အရပ်ဝတ်တွေနဲ့အင်အားလာဖြည့်တာ၃၀၀နီးပါးအထိရှိတယ်။ရဲတွေလည်းပါတယ်။ SNAတွေက လုံခြုံရေးယူပေးတယ်။ သူတို့ဦးတည်နေတာက ဝေခါ အထိ။ အဲ့ဒီ Targetကို သူတို့တည်နေတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
ဝေခါမှော်ကို ရောက်ဖို့ လုံးခင်းကျေးရွာအုပ်စုကနေ ဖားကန့်ကျောက်စိမ်းမှော်တွေကို ဖြတ်ရပါမယ်။ စစ်ကောင်စီတပ်စစ်ကြောင်းတွေက ပုံစံမျိုးစုံနဲ့စစ်ရေးလှုပ်ရှားနေတာလို့ ဒေသခံတွေကပြောပါတယ်။
နိုဝင်ဘာလ ၈ရက် ညနက်ပိုင်းကလည်းလုံးခင်းပတ်ဝန်းကျင်မှစစ်ကောင်စီနဲ့ KIA၊KPDF တိုက်ပွဲပြင်းထန်ခဲ့ပြီး ထိခိုက်သေဆုံးမှုတွေရှိလို့ စစ်တပ်က လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့ပါတယ်။
နိုဝင်ဘာ ၉ ရက်က လက်နက်ကြီးပစ်ခတ်မှုမှာ အရပ်သားအမျိုးသမီးတစ်ယောက်သေဆုံးခဲ့သလို နိုဝင်ဘာ ၁၀ ရက်နေ့မှာလည်းပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးထပ်မံသေဆုံးခဲ့တယ်လို့သိရပါတယ်။
ဖားကန့်မှာတိုက်ပွဲဖြစ်ပွားနေတဲ့အချိန် မိုးကောင်းမြို့ပေါ်မှာလည်း စစ်တပ်တိုက်လေယာဉ်က အနိမ့်ပိုင်းကနေဖြတ်ပျံသွားလို့ ဒေသခံတွေထိတ်လန့်တုန်လှုပ်ခဲ့ကြရပါတယ်။
“ အိမ်ခေါင်မိုးတောင် တိုက်တော့မယ်ထင်ရတယ်။ စစ်ခွေးတွေက ဘာဖြစ်ချင်နေတာလဲမသိဘူး” လို့ မိုးကောင်းမြို့က ဒေသခံတစ်ယောက်ကပြောပါတယ်။
မိုးကောင်းနဲ့ ဖားကန့်ဟာ ကုန်လမ်းဆက်သွယ်ရေးလည်းရှိပြီး အဲဒီလမ်းကနေတဆင့် စစ်တပ်ကအင်အားဖြည့်နေပါတယ်။
ဒေသတွင်းမှာ စစ်ရေးတင်းမာနေစဉ် စစ်ကောင်စီစစ်ကြောင်းတွေနဲ့တွေ့ရင် ကြိုတင်ရှောင်တိမ်းဖို့၊ လမ်းပေါ်ထွက်ပြီးကြည့်တာမျိုးတွေမလုပ်ဖို့ နဲ့ လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်ကိုလည်းသတိပြုဖို့ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KIA)ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကသတိပေးထားပါတယ်။
















































