လက်နက်ရောင်းချရေး မူဝါဒမှာ ကြီးမားတဲ့ အလှည့်အပြောင်း တစ်ခုအဖြစ် ဆော်ဒီအာရေးဘီးယားဆီ F-35 တိုက်လေယာဉ်တွေ ရောင်းချဖွယ်ရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။
နိုဝင်ဘာ ၁၇ ရက်နေ့မှာ ထရမ့်က သူဟာ ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်နဲ့ တွေ့ဆုံတဲ့အခါ အမေရိကန်လုပ် အဆင့်အမြင့်ဆုံး F-35 မျိုးဆက်သစ် ကိုယ်ပျောက် တိုက်လေယာဉ်တွေ ဆော်ဒီဆီ ရောင်းချပေးဖို့ ကိစ္စကို ခွင့်ပြု လိုက်လျောဖွယ် ရှိတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဆော်ဒီ အစိုးရကို လက်တွေ့ ဦးဆောင်နေတဲ့ ဘင်ဆယ်လ်မန်ဟာ မဟာမိတ် အမေရိကန် နိုင်ငံဆီ နိုဝင်ဘာ ၁၈ ရက်နေ့မှာ အလည်အပတ် ခရီးစဉ် ရောက်ရှိလာမှာပါ။ သူဟာ ဆော်ဒီအတွက် F-35 တိုက်လေယာဉ်တွေ ဝယ်ယူခွင့်ပြုရေး အမေရိကန် အစိုးရကို အစဉ်တစိုက် တောင်းဆိုနေခဲ့ပါတယ်။
အိမ်ဖြူတော်ရဲ့ ဘဲဥပုံ ရုံးခန်းမှာ သတင်းထောက်တွေက F-35 တိုက်လေယာဉ်တွေ ဆော်ဒီဆီ ရောင်းချပေးမလားလို့ မေးတဲ့အခါ ထရမ့်က ဒီကိစ္စ ဖြစ်မြောက်လောက်တယ်လို့ ပြန်ဖြေခဲ့တာပါ။ သူက F-35တွေကို ရောင်းဖြစ်လောက်တယ်လို့ ပြောပါတယ်။

Public Service Announcement
ဒါဟာ အရှေ့အလယ်ပိုင်းမှာ လက်နက်ရောင်းချရေးနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ မူဝါဒပိုင်းမှာ ကြီးမားတဲ့ အပြောင်းအလဲ တစ်ခုလို့လည်း သတ်မှတ်နိုင်ပါတယ်။ အမေရိကန် အစိုးရ အဆက်ဆက်ဟာ အရှေ့အလယ်ပိုင်းမှာ အာရပ်နိုင်ငံတွေထက် အစ္စရေးက လက်နက်နည်းပညာပိုင်း ပိုမိုသာလွန်အောင် ကူညီရမယ်ဆိုတဲ့ မူဝါဒကို အစဉ်တစိုက် ကိုင်ဆွဲခဲ့ပါတယ်။ ဒါကြောင့်လည်း လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုလောက် ကတည်းက အစ္စရေးအတွက် F-35တွေကို ရောင်းချပေးထားပေမယ့် အာရပ် မဟာမိတ် နိုင်ငံတွေဆီကိုတော့ အဲဒီ တိုက်လေယာဉ်တွေ လက်လွှဲမပေးခဲ့ပါဘူး။
ဆော်ဒီကတော့ အမေရိကန်ဆီကနေ F-35 တိုက်လေယာဉ် ၄၈ စီးလောက်ထိ ဝယ်ယူနိုင်ဖို့ တောင်းဆိုထားပါတယ်။ အဲဒီ လက်နက် အရောင်းအဝယ်ဟာ ဒေါ်လာ ဘီလီယံတွေနဲ့ချီ တန်ဖိုးရှိနိုင်ပါတယ်။ ဆော်ဒီ သတင်းဌာနတွေရဲ့ အဆိုအရ အိမ်ရှေ့မင်းသားဟာ နှစ်ဆန်းပိုင်း ကတတည်းက အဲဒီ ဆန္ဒကို ထရမ့်ဆီ တိုက်ရိုက် ချဉ်းကပ် အသိပေးထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။
လောလောဆယ် ဆော်ဒီ လေတပ်ဟာ Boeing ကုမ္ပဏီထုတ် F-15တွေ၊ ဥရောပ နိုင်ငံတွေ ထုတ်လုပ်တဲ့ Tornadoနဲ့ Typhoonတွေလိုမျိုး တိုက်လေယာဉ် မျိုးကွဲတွေကို ရောနှော အသုံးပြုနေပါတယ်။ F-35တွေကတော့ ဆော်ဒီလေတပ်ရဲ့ ရှိရင်းစွဲ ပိုင်ဆိုင်မှုတွေထက် နည်းပညာပိုင်း အများကြီး ပိုပြီး ခေတ်ရှေ့ပြေးနေပါတယ်။
F-35တွေရဲ့ အဓိက အားသာချက်ကတော့ ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် (stealth)စွမ်းရည် ပိုင်ဆိုင်ထားတာပါ။ အစ္စရေးဟာ အဲဒီလေယာဉ်တွေကို ဂါဇာ၊ အီရန်၊ လက်ဘနွန်၊ ယီမင်တို့မှာ လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတွေအတွင်း ထိထိရောက်ရောက် အသုံးချပြခဲ့ပါတယ်။ အစ္စရေး လေတပ်ဟာ F-35 တိုက်လေယာဉ်အုပ် အတော်များများ စုဖွဲ့ထားပြီး အရှေ့အလယ်ပိုင်းမှာတော့ အဲဒီ တိုက်လေယာဉ်တွေ ပိုင်ဆိုင်တဲ့ တစ်ခုတည်းသော နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။
ကိုးကား: Reuters
















































