Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်မြို့ထဲ စစ်တပ်ဝင်လာပြီး နေအိမ်တွေမှာ တပ်စွဲနေ

မိုးမိတ်မြို့အတွင်းကို ဒီကနေ့(နိုဝင်ဘာ၂၅ရက်) နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ကားအချို့ဝင်ရောက်လာပြီး နေအိမ်အချို့မှာ တပ်စွဲထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မိုးမိတ်မြို့အဝင်၌ မန္တလေးPDF ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-MDY PDF

နိုဝင်ဘာ-၂၅၊၂၀၂၅။အိမ်သွင်/People’s Spring

မိုးမိတ်မြို့အတွင်းကို ဒီကနေ့(နိုဝင်ဘာ၂၅ရက်) နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ကားအချို့ဝင်ရောက်လာပြီး နေအိမ်အချို့မှာ တပ်စွဲထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

” စစ်တပ်ကလူတွေ ဝင်လာတာ။ ဘယ်လိုဝင်လာလဲဆိုတာတော့ မပြောချင်ဘူး။ သူတို့တွေက အိမ်တွေထဲမှာဝင်နေတယ်။ အနားဝန်းကျင်က ဒေသခံတွေကမနေရဲကြလို့ နေရာပြောင်းနေကြတယ်” လို့ ဒေသခံတစ်ဦးက ဒီနေ့ညပိုင်းမှာ ပြောပါတယ်။

မိုးမိတ်မြို့မှာရှိနေတဲ့ နောက်ထပ်ဒေသခံတဦးကလည်း ” တောင်ပိုင်းနဲ့မြောက်ပိုင်းက ပိုများတယ်။ ကားနဲ့ချတာ တမြို့လုံးလိုက်ချတာ။ နေ့လည် ကျနော်မြို့ထဲသွားတော့သူတို့တွေအဖွဲ့လိုက်ရောက်နေပြီ”လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

နေအိမ်တွေထဲမှာ ပြောက်ကျားယူနီဖောင်းတွေနဲ့တွေ့လို့ တအာင်းတပ်မတော်(TNLA)တပ်ဖွဲ့ဝင်တွေလို့ ကနဦးထင်ခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်ကြောင်း ညနေပိုင်းမှာ အတည်ပြုနိုင်ခဲ့တယ်လို့ ၎င်းက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို TNLAက ဦးဆောင်ပြီး မိုးကုတ်နဲ့မိုးမိတ်မြို့ထဲကို ခေါ်သွင်းတာလိမ့်မယ်လို့သတင်းတွေထွက်ပေါ်နေပေမယ့် TNLAက ရှင်းလင်းခြင်းမရှိဘဲ နှုတ်ဆိတ်နေပါတယ်။

မိုးမိတ်မြို့ပေါ်မှာ ရပ်ကွက် ၁၀ခုရှိပြီး ဒေသခံသုံးပုံနှစ်ပုံဟာ မြို့ကိုစွန့်ခွာထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

” ပထမတော့ နေလို့ရသလောက်နေကြသေးတယ်။ ၂၃ရက်နေ့က လေယာဉ်နဲ့ မြစ်ဆုံးဘက်ကိုဗုံးကြဲသွားတော့ မနေကြတော့လို့ပြေးကြတာ။ ဒီတခါတိုက်ပွဲဖြစ်ရင် ပြင်းပြင်းထန်ထန်ဖြစ်မယ်လို့သတင်းတွေထွက်နေတယ်” မိုးမိတ်မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ် ကားတွေဟာ မိုးကုတ်မြို့ဘက်က‌နေ TNLAတပ်ဖွဲ့ဝင်တွေနဲ့အတူ ဝင်ရောက်လာတာလို့ ဒေသခံ ပြောပါတယ်။ TNLAရဲ့ ဆုံးဖြတ်ချက်တွေအပေါ်ကို တော်လှန်ရေးရဲဘော်အသိုင်းအဝိုင်းနဲ့ ပြည်သူလူထုက ပြင်းပြင်းထန်ထန်ဝေဖန်နေပေမယ့် ရှင်းပြခြင်းမရှိသေးပါဘူး။

မိုးမိတ်မြို့ဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်ထားတဲ့ မဘိမ်းမြို့နယ်လည်းဆက်စပ်နေပါတယ်။ မိုးမိတ်မြို့နယ်အနီးမှာ KIA တပ်ရင်း(၃၄)ရှိနေပြီး လက်ရှိအချိန်အထိ စစ်ရေးပြင်ဆင်ထားမှုမရှိပေမယ့် အကယ်၍ တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီတပ်တွေကိုတိုက်မယ်ဆိုပါက အကူအညီပေးသွားဖို့ ရှိမယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီနေ့ ည‌ နေပိုင်းမှာ People’s Spring ကို ပြောပါတယ်။

” အမှတ်(၃၄)တပ်ရင်းနဲ့ နီးပါတယ်။ ကျနော်တို့ ထိန်းချုပ်နယ်မြေလည်းမဟုတ်ဘူး။ တကယ်လို့များတိုက်ပွဲတွေဖြစ်လာလို့ရှိရင်တော့ အချင်းချင်းကူညီတဲ့သဘောနဲ့တော့ ရှိကောင်းရှိနိုင်ပါတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

TNLAနဲ့ စစ်ကောင်စီဟာ အောက်တိုဘာ၂၇ရက်နဲ့၂၈ရက်က တရုတ်နိုင်ငံ ကူမင်းမြို့မှာဆွေးနွေးပြီးနောက် သတ်မှတ်ကာလအတွင်း မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်ကနေ တအာင်းတပ်တွေ ပြန်လည်ဆုတ်ခွာမယ်လို့ အောက်တိုဘာ၂၉ရက်နေ့မှာTNLAက ထုတ်ပြန်ခဲ့ပါတယ်။

တအာင်းဒေသကိုလည်း စစ်ကောင်စီက လေယာဉ်ဗုံးကြဲခြင်း၊ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမလုပ်ဘဲ နှစ်ဖက်ရောက်ရှိတဲ့နေရာမှာ တပ်တွေရပ်တန့်ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့တာလို့ ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိ နိုဝင်ဘာလကုန်ပိုင်းမှာ စစ်ကောင်စီတပ်စစ်ကြောင်းတွေကို TNLAက အကာအကွယ်ပေးပြီးဝင်လာမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ မိုးမိတ်မြို့မှာ TNLAနဲ့ စစ်ကောင်စီဆက်ဆံရေးရုံးလည်း ဖွင့်ထားတယ်လို့ သိရပါတယ်။

လက်ရှိ အခြေအနေတွေနဲ့ပတ်သက်လို့ TNLA ပြန်ကြားရေးတာဝန်ခံ လွေးယေဦးကို ဆက်သွယ်ပေမယ့်လည်း အဆက်အသွယ်မရရှိသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။