ဒီဇင်ဘာ-၂၊၂၀၂၅။People’s Spring
မြဝတီ မြို့နယ်ထဲက မင်းလက်ပံ ရွာနားမှာ ကရင် အမျိုးသား အစည်းအရုံး (KNU)က မကြာသေးခင်ကမှ ဖော်ထုတ် တွေ့ရှိထားတဲ့ အွန်လိုင်း ငွေလိမ် (ကျားဖြန့်)ဂိုဏ်းရဲ့ နိုင်ငံခြားသား ဝန်ထမ်း ၉၀၀ ကျော်ဟာ အဲဒီနေရာကို စွန့်ခွာဖို့ ငြင်းဆိုနေကြောင်း သိရပါတယ်။
KNUက ဒီဇင်ဘာ ၂ ရက်နေ့မှာ မင်းလက်ပံ ကျားဖြန့်စခန်းနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ ကြေညာချက် ထုတ်ပြန်ခဲ့ရာမှာ အဲဒီ စခန်းရဲ့ နာမည်ကို Shunda Parkလို့ ခေါ်ဝေါ်တဲ့အကြောင်း ပါရှိလာခဲ့ပါတယ်။ KNUဟာ မင်းလက်ပံ တဝိုက်မှာ အာဏာသိမ်း စစ်ကောင်စီရဲ့ မဟာမိတ်ဖြစ်တဲ့ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ် (DKBA)နဲ့ ပြီးခဲ့တဲ့ လကုန်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ရာက DKBA ရဲ့ အကာအကွယ်အောက်မှာလျှို့ဝှက် လည်ပတ်နေတဲ့ ကျားဖြန့်စခန်း နေရာကို ရှာတွေ့ခဲ့တာပါ။
Shunda Park ကျားဖြန့် စခန်းကို သိမ်းယူခဲ့ပြီးတဲ့နောက် စခန်းထဲမှာ ကျန်နေတဲ့ ကျားဖြန့်ဝန်ထမ်း ၁၀၁၆ ဦးရဲ့အချက်အလက်တွေကို စာရင်းကောက်ယူမှု လုပ်ငန်းစဉ်ဟာ နိုဝင်ဘာ ၃၀ မှာ ပြီးဆုံးခဲ့ကြောင်း KNUက ဆိုပါတယ်။ တချို့ ဝန်ထမ်းတွေက လူကိုယ်တိုင် ထွက်လာပြီး စာရင်းကောက်ယူမှုမှာ ပူးပေါင်းတာမျိုး မရှိတဲ့အတွက် စာရင်း မမှတ်ရသေးသူတွေ ရှိနိုင်တယ်လို့လည်း KNUက မှတ်ချက်ပေးခဲ့ပါတယ်။

Public Service Announcement
KNUဆီ အချက်အလက်တွေ စာရင်းသွင်းခဲ့ပေမယ့်လည်း ကျားဖြန့်လုပ်ငန်း ဝင်းထဲကနေ ထွက်ခွာသွားဖို့ ငြင်းဆန်နေသူ ၉၄၂ ဦးရှိကြောင်း၊ အဲဒီထဲမှာ ကာဇက်စတန် အမျိုးသမီး ၁ ဦး၊ အင်ဒိုနီးရှား အမျိုးသမီး ၁ ဦး၊ ထိုင်ဝမ် အမျိုးသမီး ၄ ဦး၊ ဗီယက်နမ် အမျိုးသမီး ၄ ဦး၊ လာအို အမျိုးသမီး ၁ ဦးတို့ကလွဲပြီး ကျန်တာ အားလုံးက တရုတ်နိုင်ငံသားတွေ ဖြစ်တယ်လို့ KNUက ဖော်ပြထားခဲ့ပါတယ်။
စခန်းထဲကနေ ရွှေ့ပြောင်း ထွက်ခွာလိုကြောင်း ဆန္ဒပြုသူ ၇၅ ဦးကိုတော့ နိုဝင်ဘာ ၃၀ ရက်နေ့မှာပဲ KNUက မြစ်ကမ်းဘေး တစ်နေရာဆီ ပြောင်းရွှေ့ နေရာချထားပေးခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီထဲမှာ တရုတ်အမျိုးသမီးတစ်ဦးနဲ့ သူ့ရဲ့ ၁ နှစ်အရွယ် သားငယ်တို့လည်း ပါဝင်ခဲ့ပါတယ်။
အဲဒီနေ့မှာပဲ KNUဟာထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်မှာ ၉၆ နာရီကြာ ပိတ်မိနေခဲ့သူ နိုင်ငံခြားသား ၃၇၀ အပါအဝင် လူပေါင်း ၃၇၂ ဦးကို ထိုင်းအာဏာပိုင်တွေဆီ ချောချောမောမော လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
ဆန္ဒအလျောက် စခန်းမှာပဲ ဆက်ရှိနေပြီး ထွက်ခွာသွားဖို့ ငြင်းဆန်သူ ၉၀၀ ကျော်အတွက်တော့ KNUက နေရာထိုင်ခင်းနဲ့ စားရေးသောက်ရေး ကိစ္စတွေ စီစဉ်ပေးထားရပါတယ်။ အဲဒီ ကျားဖြန့် ဝန်ထမ်းတွေက ဘာကြောင့် Shunda Parkထဲမှာပဲ ဆက်ပြီး နေထိုင်ချင်နေသလဲ ဆိုတာကိုတော့ တိတိကျကျ မသိရပါဘူး။
ဒီဇင်ဘာ၂ရက်နေ့ထိ အခြေအနေအရ KNU ထိန်းချုပ်ထားရာ ကျားဖြန့်စခန်းကို စွန့်ခွာပြီး နေရပ်နိုင်ငံတွေဆီ ပြန်သွားလို နိုင်ငံခြားသား ၁၇၇ ဦးဟာ သောင်ရင်းမြစ်နားမှာ ယာယီ အခြေချရင်း ထိုင်းအာဏာပိုင်တွေက လွှဲပြောင်းလက်ခံယူမယ့် အချိန်ကို စောင့်ဆိုင်းနေဆဲလို့ ဆိုပါတယ်။
KNUရဲ့ အဆိုအရ Shunda Parkထဲမှာ လူပေါင်း ၃၅၈၂ ဦးကို စာရင်းကောက်ယူနိုင်ခဲ့ပြီး အဲဒီထဲက ၂၆၄၀ (သုံးပုံနှစ်ပုံ နီးပါး)ကို သူတို့ရဲ့ ဆန္ဒနဲ့အညီ ကူညီ ရွှေ့ပြောင်းပေးထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
KNUရဲ့ ထုတ်ပြန်ချက်မှာတော့ မင်းလက်ပံတဝိုက် အပါအဝင် မြဝတီမြို့ရဲ့ တောင်ဖက် နယ်မြေတွေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး လုံခြုံရေး အခြေအနေက စိတ်မချရကြောင်း ဖော်ပြထားပါတယ်။
စစ်တပ်ဟာ စစ်ကြောင်းနှစ်ခုဖြန့်ပြီး မင်းလက်ပံဆီ ချီတက်ဖို့ ကြိုးစားနေသလို ရွာဖက်ကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။ဒါ့အပြင် ရွာတဝိုက်မှာလည်းလေကြောင်းတိုက်ခိုက်မှုတွေကို စစ်တပ်က သည်းသည်းမည်းမည်း လုပ်ဆောင်နေတယ်လို့ KNU ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။
နိုဝင်ဘာ ၃၀ ရက်နေ့တုန်းက သောင်ရင်းမြစ်ကမ်း အနီးမှာ စုဝေးနေတဲ့ ကျားဖြန့်ဝန်ထမ်းတွေနားမှာ ၁၂၀ မမ မော်တာကျည်ဆန် ကျရောက် ပေါက်ကွဲခဲ့သလို Shunda Park ဝင်းထဲကိုလည်း လက်နက်ကြီးကျည် ကျရောက်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒီဖြစ်စဉ်တွေမှာ ထိခိုက်သေကြေမှုတော့မရှိခဲ့ကြောင်း KNUက အတည်ပြုပါတယ်။
စစ်ရေးအခြေအနေတွေက ပိုမို ဆိုးရွားလာတာကြောင့် Shunda Park ခြံဝင်းထဲမှာ ဆက်ရှိနေတဲ့ ကျားဖြန့် ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို KNU အနေနဲ့ အပြည့်အဝ အာမခံချက်ပေးဖို့ ခက်ခဲလာတယ်လို့လည်း ထုတ်ပြန်ချက်က အသိပေးပါတယ်။ KNUဟာ မြေပြင်အခြေစိုက် ဝန်ထမ်းတွေနဲ့ ပဋိပက္ခကြောင့် ထိခိုက်သက်ရောက်မှုတွေ ကြုံတွေ့နေတဲ့ ဒေသတွင်းက လူ့အဖွဲ့အစည်းတွေကို ကူညီကာကွယ်နိုင်ရေးအတွက် အထူးအလေးပေး လုပ်ဆောင်နေတယ်လို့လည်း ဖော်ပြထားပါတယ်။
ကိုးကား: KNU




















































