ဒီဇင်ဘာ – ၁၃ ၊၂၀၂၅ ၊ နိုင်ပကောင်း /People’s Spring
အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)ကို အကြောင်းပြပြီး ပြည်ပနိုင်ငံတွေကနေ ဝင်ရောက်စွက်ဖက်တာကိုလက်မခံဖို့အတွက်တရုတ်နဲ့ မြန်မာစစ်ကောင်စီတို့ မနေ့ (ဒီဇင်ဘာလ ၁၂ ရက်)က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ အာဏာသိမ်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံ ၊ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး မစ္စတာလျိုကျုံးရိ ဟာ ဒီဇင်ဘာ လ ၁၂ ရက်က နေပြည်တော်ကို ရောက်ရှိလာပြီး စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နဲ့ တွေ့ဆုံခဲ့တာပါ။
အဲဒီ တွေ့ဆုံမှုမှာ အွန်လိုင်းလိမ်လည်တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ နှစ်နိုင်ငံနဲ့ ဒေသတွင်းနိုင်ငံကြား ညှိနှိုင်းဆောင်ရွက်ဖို့ ၊ ပြည်ပနိုင်ငံတွေရဲ့ ဝင်ရောက်စွက်ဖက်တာကို လက်မခံဖို့ ၊ အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီရဲ့ လုပ်ငန်းစဉ်တွေကို တရုတ်နိုင်ငံအနေနဲ့ ထောက်ခံတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Public Service Announcement
ဒါ့အပြင်နယ်စပ်ဒေသတွေကကျားဖြန့်တိုက်ဖျက်ရေးမှာတရုတ်နိုင်ငံသား တွေကို ရှာဖွေကူညီကယ်တင်ပြီး ပြန်လည်လွှဲပြောင်းပေးဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
နေပြည်တော်ကို ရောက်နေတဲ့ တရုတ်လက်ထောက်ဝန်ကြီးဟာ စစ်ကောင်စီတပ် နဲ့အတူ ကရင်ပြည်နယ်၊ မြ၀တီဒေသမှာကျားဖြန့် လုပ်ငန်း အခြေအနေတွေကို ကွင်းဆင်းလေ့လာမှာဖြစ်တယ်လို့ စစ်ကောင်စီက ပြောပါတယ်။
စစ်ကောင်စီဟာ ကျားဖြန့်လို့လူသိများတဲ့ အွန်လိုင်းလိမ်လည်လောင်းကစားကျုးလွန်မှုတွေကို မြန်မာနိုင်ငံထဲမှာ အခြေမချနိုင်ဖို့ဆိုပြီး အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီကို ဒီဇင်ဘာ ၁၀ရက်နေ့က ဖွဲ့စည်းလိုက်တာပါ။
ကော်မတီမှာအာဏာသိမ်းစစ်ကောင်စီပြည်ထဲရေးဝန်ကြီးကခေါင်းဆောင်အဖြစ်ပါဝင်ပြီး ၁၆ ဦးနဲ့ဖွဲ့စည်းထားကာ နိုင်ငံခြားရေး ၊ဗဟိုဘဏ် ၊ လဝက ၊ သက်ဆိုင်ရာဒေသရဲ့စစ်တိုင်းမှုးတွေ ၊ ရဲချုပ် ၊ စရဖ ဒုချုပ် တို့ပါဝင်ကြပါတယ်။
အဲဒီကော်မတီ ရဲ့လုပ်ငန်းတာဝန်တွေထဲမှာ ကျားဖြန့် နှိမ်နင်းရေးမှာ ပြည်ပ နိုင်ငံတွေနဲ့ဆက်သွယ်ဖို့ ပါဝင်ပါတယ်။
တဖက်မှာလည်း အမေရိကန်ဟာ မြန်မာနိုင်ငံထဲက ကျားဖြန့်တွေကို နှိမ်နင်းဖို့အတွက် အထူးတပ်ဖွဲ့ကို ဖွဲ့စည်းထားပါတယ်။
ဒီလို အမေရိကန်က အထူးတပ်ဖွဲ့ ဖွဲ့စည်းလိုက်တယ်လို့ ကြေညာပြီးတဲ့နောက်မှာတော့ စစ်ကောင်စီတပ် နဲ့ သူ့ရဲ့လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်(BGF)တို့ဟာ ရွှေကုက္ကိုနယ်မြေထဲက ကျားဖြန့်တွေကို ဝင်ရောက်စီးနင်းပြခဲ့တာပါ။
နေပြည်တော်ကိုရောက်နေတဲ့ မစ္စတာလျိုကျုံးရိဟာပြီးခဲ့တဲ့ ဖေဖော်ဝါရီ လအတွင်း ထိုင်းနိုင်ငံ မဲဆောက်ကတဆင့် မြဝတီဘက်ကိုရောက်လာပြီး ရွှေကုက္ကိုလ်ကျားဖြန့်ဂိုဏ်းတွေမှာလုပ်ကိုင်ခဲ့တဲ့တရုတ်နိုင်ငံသားတွေကို နေရပ်ပြန်ပို့အရေး သွားရောက်ကြည့်ရှုခဲ့သူပါ။


















































