ဒီဇင်ဘာ-၁၅၊၂၀၂၅၊မိုမို/People’s Spring
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်မှာ တိုက်ပွဲ ဖြစ်ပြီး စစ်ကောင်စီတပ်က ရုပ်အလောင်းတွေအပါအဝင် ရှော့တိုက်ဒုံးတွေနဲ့ လက်နက်တွေ သိမ်းရတယ်လို့ Mawlaik Revolutionsက ဒီကနေ့ ထုတ်ပြန်ပါတယ်။
တော်လှန်ရေးအင်အားစုတွေ အခြေပြုတပ်စွဲထားတဲ့ မော်လိုက်မြို့နယ်၊ဆွတ်နန်းကျေးရွာအနီးက ရန်ကင်းတောင်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၉ ရက်က ခေတ္တဆုတ်ခွာပြီးနောက် မနေ့က (ဒီဇင်ဘာ ၁၄ ရက်)နေ့လယ်ပိုင်းမှာ တော်လှန်ရေးအင်အားစုတွေပြန်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement
စစ်ကောင်စီတပ်သားတွေဟာ ဆွတ်နန်းကျေးရွာဘက်ကိုထွက်ပြေးသွားပြီးနောက် နယ်မြေရှင်းလင်းချိန်မှာ ၁၂၂မမ ရှော့တိုက်ဒုံး(၇)လုံး၊MA1 ၁လက်၊MA3 ၁လက်၊MA15 ၁လက်၊G3၁လက်၊ကျည်ဘောက်၁၃ ခု၊ကျည်မျိုးစုံ ၁၂၀၀ နီးပါးနဲ့ စစ်ကောင်စီတပ်သား ရုပ်အလောင်း ခြောက်လောင်း ရတယ်လို့ ဖော်ပြပါတယ်။
“ ဆွတ်နန်းရွာက ပျူစောထီးရွာပါပဲ။ကျွန်တော်တို့ သိမ်းဌက်စစ်ဆင်ရေးတုန်းကတည်းက သိမ်းထားတာပေါ့။သာလွန်အင်အားနဲ့ထိုးလာတာကြောင့် ဆုတ်ပေးထားတာ။မနေ့က ည ကဆို အဲဒီရွာကနေ ရန်ကင်းတောင်ဘက်ကို လက်နက်ကြီး နဲ့ တညလုံးပစ်နေတာ” လို့ မော်လိုက်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ကလေးမြို့နယ်အခြေစိုက် ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ဒကစ)ဒုတိယအကြီးအကဲက မော်လိုက်မြို့ကို ဒီဇင်ဘာလဆန်းကရောက်ရှိခဲ့ ပြီးနောက် စစ်ကောင်စီတပ်က စစ်ရေးမြှင့်တင်မှုတွေလုပ်နေပြီး အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
မော်လိုက်မြို့မှာ စစ်ကောင်စီတပ်အခြေချတပ် တွေဖြစ်တဲ့ ခမရ(၃၆၄၊၃၆၅၊၃၆၆)တပ်ရင်းတွေရှိပြီး ပျူစောထီးအင်အားအတန်အသင့်အားကောင်းတယ်လို့လည်း စစ်ရေးအချက်အလက်တွေအရ သိရပါတယ်။
ကာကွယ်ရေးတပ်တွေက သိမ်းငှက်စစ်ဆင်ရေးနဲ့ မော်လိုက်ခရိုင်ထဲမှာ အခုနှစ် သြဂုတ်စတင်ခဲ့ပြီး စစ်ကောင်စီတပ်နဲ့ ပျူစောထီးစခန်း ရှစ်ခုနဲ့ ကျေးရွာ (၁၇ )ရွာကို ထိန်းချုပ်ထားပါတယ်။
တောင်သူလယ်သမားတွေ စပါးရိတ်သိမ်းချိန်နဲ့ ပြည်သူလူထု စစ်ဘေးရှောင်ရတဲ့ အခက်ခဲတွေကြောင့် သိမ်းငှက်စစ်ဆင်ရေးထိုးစစ်ကို အရက်အကန့်သတ်မရှိ ရပ်တန့်ထားတာဖြစ်ပါတယ်။




















































