Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့အခြေအနေကအင်မတန်စိုးရိမ်စရာကောင်းတယ်လို့ NUG တာဝန်ရှိသူပြော

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေက သားဖြစ်သူကိုထိန်လင်း စိတ်ပူသလိုပဲ အင်မတန်စိုးရိမ်စရာကောင်းတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

၂၀၂၀က ဒီချုပ်ပါတီ ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီအစည်းအဝေးတက်ရောက်လာတဲ့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ ဓာတ်ပုံ - Chair NLD

ဒီဇင်ဘာ-၁၆၊၂၀၂၅။တေဇ/People’s Spring

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေက သားဖြစ်သူကိုထိန်လင်း စိတ်ပူသလိုပဲ အင်မတန်စိုးရိမ်စရာကောင်းတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

“ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အခြေအနေက အင်မတန်မှ စိုးရိမ်စရာကောင်းပါတယ်။ကျွန်တော်တို့လည်း အင်မတန်စိုးရိမ်တယ်။ဘာဖြစ် လို့လည်းဆိုတော့ သူမနဲ့ပတ်သက်ပြီးတော့ စစ်တပ်ဘက်က ထုတ်ပြောတဲ့ အချက်အလက် တွေ သူတို့ဘက်က ထုတ်ပေးတဲ့ ရုပ်သံတွေ နောက်ပြီးတော့ ဖိုင်တွေ ဒါတွေပဲကျွန်တော်တို့တွေ့ရတယ်ပေါ့နော်။ အမှန်တကယ်မိသားစုနဲ့လည်းတွေ့ခွင့်မရှိဘူး။ ရှေ့နေတွေနဲ့လည်းတွေ့ခွင့်မရှိဘူးပေါ့။ လုံးဝကို သုံးနှစ်လောက်ရှိပြီ။ Invisible ပေါ့။ လူမြင်ကွင်းမှာ ကျွန်တော်တို့လုံးဝမမြင်ရတဲ့ဟာမျိုးပေါ့။ ကျွန်တော်မှတ်မိသလောက် ၂၀၂၂တုန်းကတစ်ခါ ၂၀၂၁ တုန်းကဗီဒီယို Footage ပေါ့။ တရားခွင်မှာ ရိုက်ထားတဲ့ ဗီဒီယို Footage လေးတစ်ခုပဲ စစ်တပ်ဘက်ကထုတ်ပေးလို့ ကျွန်တော် တို့တွေ့ရတာပဲရှိတယ်။အဲဒီ့နောက်ပိုင်း ဘာအရိပ်အယောင်မှ ကျွန်တော်တို့တွေ မတွေ့ရဘူး။ ဒီအခြေအနေက အင်မတန်မှ စိုးရိမ်စရာကောင်းတဲ့ အခြေအနေလို့ပဲပြောချင်ပါတယ်။” လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကင်မ်အဲရစ်(‌ခ) ကိုထိန်လင်းက ရိုက်တာသတင်းဌာနနဲ့တွေ့ဆုံချိန်မှာ မိခင်ဖြစ်သူနဲ့ အဆက်အသွယ်မရတာကြာပြီဖြစ်တာကြောင့်ကွယ်လွန်ပြီးတာတောင်ဖြစ်နိုင်တယ်လို့ ဖြေကြားခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဒီလို‌ဖြေကြားချက်အပေါ် အာဏာသိမ်းစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေး အခြေအနေကောင်းမွန်ပြီး ကင်မ်အဲရစ်ရဲ့ ပြောကြားချက်က မဟုတ်မှန်ကြောင်းနဲ့ မကြာခင်ပြုလုပ်မယ့်ရွေးကောက်ပွဲကို နှောက်ယှက်လိုတာကြောင့် အချိန်ကိုက်လုပ်ကြံ ဝါဒဖြန့်တာလို့ လို့ စွပ်စွဲထားပါတယ်။

“ အကြမ်းဖက်စစ်အုပ်စုက အမြဲတမ်းဘဲ ဒီလိုမျိုး အလိမ်အညာစကားတွေကို ပြောရေးဆိုခွင့်ရှိတဲ့သူက ထွက်ပြီးတော့ ဒီလိုမျိုးစာတွေထုတ်လိုက်တာက ဒါကသူတို့အမြဲလုပ်နေကြလေနော်။ သတင်းအတု၊သတင်းအမှားတွေလည်းအမြဲတမ်းဖြန့်နေတာပဲ။ ဒီစာတစ်စောင်က ဘာမှယုံကြည်စရာမရှိဘူး။ စာတစ်စောင်ထုတ်လိုက်ယုံနဲ့ ကျနော်တို့ပြည်သူလူထုတရပ်လုံးမှာရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ်မှာထားရှိတဲ့ စိုးရိမ်စိတ်တွေက ပျောက်ပျက်သွားမှာ အကြောင်းမရှိဘူးပေါ့နော်။ သူတို့ဒီ သေချာတယ်ဆိုရင်တစုံတရာသက်သေပြနိုင်ရမှာပေါ့။ ဘာမှ သက်သေမပြနိုင်ဘဲနဲ့ စာတစ်စောင်ထုတ်ယုံနဲ့တော့ ဒီဟာကဖြေရှင်းပြီး ဖြစ်မှာမဟုတ်ဘူးလို့ပဲ ပြောချင်တယ်” လို့ စစ်တပ်ဘက်ကထုတ်ပြန်ချက်အပေါ် ဦးနေဘုန်းလတ်က တုန့်ပြန်ပါတယ်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်ကတည်းက မတရားဖမ်းဆီးခဲ့တာဖြစ်ပြီး ငါးနှစ်တာကာလအတွင်းမှာ တရားခွင်က ဓာတ်ပုံ ‌တစ်ပုံလောက်သာ ထုတ်ပြခဲ့တာပါ။ ‌

‌ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၀)ပြည့်မွေးနေ့တုန်းကလည်း ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး စိုးရိမ်စရာကောင်းတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် စစ်ကောင်စီဘက်က ‌သေသေချာချာသတင်းထုတ်ပြန်တာမရှိခဲ့ပါဘူး။ ဒါအပြင် ၂၀၂၅ မတ် ၂၈ စစ်ကိုင်းငလျင်ကြီး​ကြောင့် ​နေပြည်​တော်မှာရှိနိုင်တယ်လို့ မှန်းဆကြတဲ့ ​ဒေါ်​အောင်ဆန်းစုကြည်အတွက် ပြည်သူ​တွေစိုးရိမ်ခဲ့ကြ​ပေမယ့် စစ်အုပ်စုက​တော့ သတင်းကိုအ​မှောင်ချထားပါတယ် ။

အသက်(၈၀)အရွယ် မိခင်ဖြစ်သူက မတရားဖမ်းဆီးချုပ်နှောင်ခံထားရချိန်မှာ နှလုံးရောဂါ၊အရိုးနဲ့ သွားကျန်းမာရေးပြဿနာတွေကို ခံစားနေရတယ်လို့ တဆင့်စကားနဲ့ ကြားသိရကြောင်း ကိုထိန်လင်းက ပြောထားပါတယ်။

“ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရယ် ကျနော်တို့ နိုင်ငံတော်သမ္မတရယ်အပါအဝင်ပေါ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ချွင်းချက်မရှိအားလုံးလွှတ်ပေးဖို့ကိစ္စက မဖြစ်မနေလုပ်ရမယ့်ကိစ္စဖြစ်တယ်ပေါ့နော်။ ဒီလူတွေကို မတရားဖမ်းဆီးထားတဲ့ကိစ္စက အစောကြီးတည်းက ဘာအပြစ်မှမရှိတဲ့သူတွေကို မတရားထောင်သွင်းအကျဉ်းကျထားတာဖြစ်တယ်။ အဲဒါကြောင့်မို့ အမြန်ဆုံးပြန်လွှတ်ပေးဖို့ကိစ္စက မဖြစ်မနေလုပ်ကိုင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

အာဏာသိမ်းချိန်ကတည်းက မတရားဖမ်းဆီးအကျဉ်းချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေး ကောင်းမွန်တယ်လို့ စစ်ကောင်စီက ဒီဇင်ဘာလ ၁၆ မှာ ထုတ်ပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်စရာ သတင်းတွေထွက်ပေါ်လာချိန်တိုင်းမှာတော့ စစ်ကောင်စီက ငြင်းဆိုလေ့ရှိပါတယ်။

အခုတစ်ကြိမ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကင်မ်အဲရစ် ခေါ် ကိုထိန်လင်းကမိခင်ဖြစ်သူကိုအဆက်အသွယ်မရတာကြောင့် ကွယ်လွန်သွားပြီလားပင် မသိဘူးလို့ ရိုက်တာသတင်းဌာနကို ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြေကြားထားတဲ့အပေါ် စစ်ကောင်စီက တုံ့ပြန်လာတာပါ။

စစ်ကောင်စီကတော့ကိုထိန်လင်းရဲ့ပြောဆိုချက်နဲ့ အဲဒီပြောဆိုချက်ကိုမီဒီယာတွေက သတင်းတု၊သတင်းမှားတွေနဲ့ ပုံကြီးချဲ့လှုံ့ဆော်ဝါဒဖြန့်နေတယ်လို့ တန်ပြန်စွပ်စွဲပါတယ်။

​ဒါ​ပေမယ့် ​ဒေါ်​အောင်ဆန်းစုကြည် ကျန်းမာတယ်ဆိုတာ စစ်တပ်ကအ​ပြောသက်သက်သာဖြစ်ပြီးခိုင်မာတဲ့အ​ထောက်အထား တစ်ခုမှထုတ်မပြပါဘူး။

ဆက်စပ်သတင်းများ

သတင်း

BNRA လုပ်ရပ် တာဝန်ခံရမယ်လို့ NUG ပြည်ထဲရေး ဒုဝန်ကြီးပြော

သတင်း

ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ တရားဥပဒေနဲ့မညီတဲ့ ကိစ္စရပ်တွေမှာ ပတ်သက်ခြင်းမပြုဖို့အပါအဝင် အချက် ၄ချက် လိုက်နာဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဒီကနေ့ မှာပန်ကြားချက်ထုတ်ပြန်ပါတယ်။

သတင်း

သူ့ရဲ့အရှေ့တောင်အာရှ ခရီးစဉ်အတွင်း အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ မြန်မာ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံသွားမယ်လို့ ဩစတြေးလျ အထက်လွှတ်တော်အမတ် ဒင်းစမစ်သ်က ကြေညာခဲ့ပါတယ်။ ဇန်နဝါရီ-၁၄၊၂၀၂၅။People’s Spring လွှတ်တော်မှာ အစိုးရရဲ့ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ မူဝါဒတွေကို စောင့်ကြည့်ကြပ်မတ်တဲ့ တာဝန်ကို ယူထားတဲ့...

သတင်း

ရုရှားနဲ့ အိမ်နီးချင်းနိုင်ငံအချို့က စစ်အာဏာရှင်သက်ဆိုးရှည်အောင် အားပေးနေသလိုတွေ့ရပြီး အာဏာသိမ်းစစ်ကော်မရှင်အပေါ် စစ်ရေးအကူအညီပေးမှုနဲ့ နည်းပညာပံ့ပိုးမှုတွေ ပြုလုပ်ခဲ့လို့ ရရှိပြီးသား ပြည်သူ့ထိန်းချုပ်နယ်မြေ အချို့ ပြန်လည်လက်လွှတ်ခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။