Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုဆုငွေထုတ်ထားတဲ့ မန္တလေးသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင် ဖမ်းဆီးခံရ

မန္တလေးမြို့ လူထုသပိတ်လှုပ်ရှားမှုခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုထက်မြတ်အောင်ဟာ စစ်အုပ်စုရဲ့ဖမ်းဆီးခံထားရလို့ အသက်အန္တရာယ် အထူးစိုးရိမ်နေရတယ်လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)က သတင်းထုတ်ပြန်ပါတယ်။

■အသက်အန္တရာယ်အထူးစိုးရိမ်ကြောင်း GSCB ထုတ်ပြန်

ဒီဇင်ဘာ-၁၇၊ ၂၀၂၅။ဇေအောင်၊သတိုး/People’s Spring

မန္တလေးမြို့ လူထုသပိတ်လှုပ်ရှားမှုခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုထက်မြတ်အောင်ဟာ စစ်အုပ်စုရဲ့ဖမ်းဆီးခံထားရလို့ အသက်အန္တရာယ် အထူးစိုးရိမ်နေရတယ်လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)က သတင်းထုတ်ပြန်ပါတယ်။

စစ်အုပ်စုက ဆုကြေးငွေနဲ့တကွ ဖမ်းဝရမ်းထုတ်ထားတဲ့ မန္တလေးမြို့ လူထုသပိတ်လှုပ်ရှားမှုခေါင်းဆောင်ဖြစ်သူ ကိုထက်မြတ်အောင်ဟာ ယခုအခါ မန္တလေးမြို့မှာ စစ်အုပ်စုရဲ့ အဓမ္မ ဖမ်းဆီးခြင်းခံထားရကြောင်း အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ကိုထက်မြတ်အောင်နဲ့ ၁၄ ရက်နေ့ကစပြီး အဆက်အသွယ်ပြတ်သွားတယ်။ အဖမ်းခံထားရတယ်ဆိုတာတော့ အတည်ပြုနိုင်တယ်။”လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ကိုနန်းလင်းက ပြောပါတယ်။

စစ်အုပ်စုဟာ ကိုထက်မြတ်အောင်ကို ဖမ်းဆီးစဉ် ပြင်းထန်တဲ့ အကြမ်းဖက်ရိုက်နှက်ထိုးကြိတ်မှုများ ကျူးလွန်ခဲ့တဲ့အပြင် ယခုအခါ သူ့ရဲ့အသက်အန္တရာယ်အတွက်ပါ အလွန်အမင်း စိုးရိမ်ပူပန်ရကြောင်း GSCBက ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကိုထက်မြတ်အောင်ဟာ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့သူ ကျောင်းသားခေါင်းဆောင်တဦး ဖြစ်သလို အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC-MDY) နဲ့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)တို့ရဲ့ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ကြောင်း သိရပါတယ်။

ကိုထက်မြတ်အောင်ဟာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအတွက် သူ့ရဲ့ ယုံကြည်ချက်နဲ့ သဘောထားဆန္ဒကို အကြမ်းမဖက် ငြိမ်းချမ်းစွာနဲ့ ရဲရင့်စွာ ထုတ်ဖော်ပြသသူဖြစ်ကာ အသက်အရွယ်အားဖြင့် (၂၄)နှစ်သာရှိသေးပြီး ကျန်းမာရေး အထူးကောင်းမွန်တဲ့ လူငယ်တစ်ဦး ဖြစ်တယ်လို့ GSCBက ထပ်မံအသိပေးပါတယ်။

ယခု အဓမ္မဖမ်းဆီးခံပြီးနောက် ကိုထက်မြတ်အောင်ရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ် ထိခိုက်ယိုယွင်းမှု တစုံတရာဖြစ်‌ပေါ်ခဲ့ပါက စစ်အုပ်စုဟာ လုံးဝတာဝန်ယူ၊ တာဝန်ခံရမှာ ဖြစ်ကြောင်း GSCB က သတိပေးပါတယ်။

“ကိုထက်မြတ်အောင်ရဲ့ အသက်အန္တရာယ်နဲ့ပတ်သက်ပြီး စိုးရိမ်တယ်။ ရှေ့မှာလည်း စစ်အုပ်စု စစ်ကောင်စီသည် သပိတ်လူငယ်တွေကို ဖမ်းဆီးပြီးတော့ အသက်အန္တရာယ် ဖြစ်တဲ့အထိ မတရားရာဇဝတ်မှုတွေကျူးလွန်တာ ကျနော်တို့ တွေ့ရတယ်။ အခုချိန်ထိလည်း ကိုထက်မြတ်အောင်နဲ့ လုံးဝအဆက်အသွယ်မရတဲ့အခြေအနေ ဖြစ်နေတယ်။ တကယ်တော့ ဒါက ဥပ​ဒေကြောင်းအရလည်း စစ်ကောင်စီစစ်အုပ်စုလက်အောက်မှာ ဘာမှမရနိုင်ဘူးဖြစ်နေတယ်။”လို့ GSCBရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ကိုနန်းလင်းက ပြောပါတယ်။

အာဏာသိမ်းစစ်အုပ်စုက အတိုင်းအဆမရှိ အင်အားသုံး၊ ရက်စက်ယုတ်မာပြီး ပြည်သူ့တော်လှန်ရေးကြီးကို ဖိနှိပ်ဖြိုခွဲနေပေမဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ အာဏာရှင်စနစ်ဟူသမျှ ကျဆုံးရေးတို့အတွက် ဦးလည်မသုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း GSCB က အသိပေးထားပါတယ်။

ထုတ်ပြန်ချက်ကို အာဏာရှင်စနစ် ဆန့်ကျင်ရေးပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC-MDY)၊ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရ.တ.က.သ)၊
အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)တို့ ပူးတွဲထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်က မန္တလေးမြို့မှာ လူထူသပိတ်ခေါင်းဆောင် ကိုတေဇာဆန်း၊ ကိုနန်းလင်း၊ ကိုခန့်ဝေဖြိုး၊ ကိုထက်မြတ်အောင်တို့ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသွားခဲ့ကြပါတယ်။ ကိုတေဇာဆန်းတို့ ဆန္ဒပြပြီးနောက် စစ်အုပ်စုက သပိတ်ခေါင်းဆောင်တွေရဲ့ပုံတွေနဲ့ ဆုကြေးငွေထုတ်ကာ ပိုက်စိပ်တိုက် လိုက်လံစစ်ဆေးရှာဖွေခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် ဆန္ဒပြမှုပြုလုပ်ပြီး တပတ်ကျော်အကြာမှာ ဖမ်းဆီးခံရတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီက ဒီဇင်ဘာ ၃ ရက်က မန္တလေးဈေးချိုမှာ ဆန္ဒပြခဲ့တဲ့ သပိတ်ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါက်တာတေဇာစန်း ၊ ကိုနန်းလင်း ၊ကိုခန့်ဝေဖြိုး ၊ ကိုထက်မြတ်အောင် ၊ မမေချီ (ခ) ချီချီ၊ မရွှန်း (ခ)ရွှန်းရွှန်းနဲ့ အမျိုးသားလေးဦးတို့ကို မန္တလေးမြို့ အမှတ် ( ၆) နယ်မြေရဲစခန်းမှာ ပုဒ်မ ၂၃ (ခ)နဲ့ အမှုဖွင့်ထားတာပါ။

အဲဒီဆန္ဒပြပွဲဟာ မန္တလေးမြို့ကို စစ်ကောင်စီခေါင်းဆောင်ရောက်မယ့်တစ်ရက်မတိုင်ခင်မှာပေါ်ထွက်ခဲ့တာကြောင့် စစ်ကောင်စီတပ်အတွက်တော့ လုံခြုံရေးအရ အရှိုက်ကိုထိုးခံရသလိုဖြစ်ခဲ့ပါတယ်။

ဒါကြောင့် ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတွေကိုအသည်းအသန်ရှာဖွေတာတွေ ပြုလုပ်ပါတယ်။ဆန္ဒပြတဲ့နေ့မှာတင် ဒေါက်တာတေဇာစန်းတို့အဖွဲ့ကို အပူတပြင်းလိုက်လံရှာဖွေခဲ့ကြပေမယ့် ဖမ်းမမိခဲ့ပါဘူး။

စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်တွေမှာလည်း ဒေါက်တာတေဇာစန်းတို့ ဓာတ်ပုံတွေကပ်ထားပြီး တွေ့ရှိရင်အကြောင်းကြားဖို့ အသိပေးစာတွေကြေညာလာပါတယ်။

ဒါအပြင် အခုရက်ပိုင်းအတွင်း မန္တလေးမှာ မြို့ထဲ၊မြို့ပြင်နေရာအနှံ့ အင်အားအများအပြားနဲ့ စစ်ဆေးရှာဖွေတာ၊ လမ်းသွားလမ်းလာပြည်သူအချို့ကိုလူပုဂ္ဂိုလ်စိစစ် စောင့်ကြည့်စနစ် ( Person Scrutinization and Monitoring System – PSMS) နဲ့ တိုက်ဆိုင်စစ်ဆေးတာတွေ ပြုလုပ်လာပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့လူထုသပိတ်လှုပ်ရှားမှုရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုထက်မြတ်အောင်ဟာစစ်ကောင်စီရဲ့ဖမ်းဆီးတာခံရပြီးနောက်ဒီနေ့ အထိ သတင်းအစအနမရဘဲ ပျောက်ဆုံးနေတာကြောင့် အသက်အန္တရာယ် အခြေအနေ အထူးစိုးရိမ်နေရတယ်လို့ ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ(ရ.တ.က.သ)က ထုတ်ပြန်ပါတယ်။