Connect with us

Hi, what are you looking for?

သတင်း

PDF တပ်ဖွဲ့အားလုံး ကွပ်ကဲမှုတခုတည်းအောက်စုစည်းမှုကို ၂၀၂၅ မှာ လုပ်ဆောင်နိုင်ခဲ့ဟု NUG ပြော

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ၂၀၂၅အတွင်း ဆောင်ရွက်ချက်အစီရင်ခံစာကို NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဒီကနေ့ ဒီဇင်ဘာ ၁၈ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေးသို့ ရှင်းလင်းတင်ပြခဲ့ရာ စစ်ရေးနည်းလမ်းအရဆောင်ရွက်ချက်တွေကို ထည့်သွင်း အသိပေးခဲ့ပြီး ၂၀၂၅အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)အားလုံး ကွပ်ကဲမှုတခုတည်းအောက် စုစည်းခြင်း ဆောင်ရွက်ခဲ့ဟု အသိပေးပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊သာယာဝတီခရိုင်၊ တပ်ရင်းအမှတ်(၃၈၀၃)ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ။ ဓာတ်ပုံ - အမှတ် -၂ စစ်ဆင်ရေးနယ်မြေ

ဒီဇင်ဘာ-၁၈၊ ၂၀၂၅။ ဆန်အောင်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ၂၀၂၅အတွင်း ဆောင်ရွက်ချက်အစီရင်ခံစာကို NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဒီကနေ့ ဒီဇင်ဘာ ၁၈ ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေးသို့ ရှင်းလင်းတင်ပြခဲ့ရာ စစ်ရေးနည်းလမ်းအရဆောင်ရွက်ချက်တွေကို ထည့်သွင်း အသိပေးခဲ့ပြီး ၂၀၂၅အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)အားလုံး ကွပ်ကဲမှုတခုတည်းအောက် စုစည်းခြင်း ဆောင်ရွက်ခဲ့ဟု အသိပေးပါတယ်။

၂၀၂၅မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ အရေးကြီးတဲ့ ဖြစ်ပေါ်တိုးတက်မှုဟာ တပြည်လုံးအတိုင်းအတာနဲ့ ကွပ်ကဲမှုတခုတည်းအောက် စုစည်းခြင်း ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် တိုင်းစစ်ဌာန တိုင်းကွပ်ကဲရေး အဖွဲ့များ ဖွဲ့စည်းလည်ပတ်နိုင်လို့ ပြောက်ကျားစစ်၊ လှုပ်ရှားစစ်ဆောင်ရွက်နေသကဲ့သို့ ထုအင်အားဖြင့်ထိုးစစ်ဆင်လျက် မြို့သိမ်းတိုက်ပွဲအနေနဲ့ အင်းတော်နဲ့ ဗန်းမောက် စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲလာနိုင်ခဲ့ကြောင်း အသိပေးပါတယ်။

၂၀၂၅ဩဂုတ်နောက်ဆုံးပတ်မှာ ၃ရက်တာကျင်းပခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်မှူးကြီးများညီလာခံ မဟာဗျူဟာမြောက်ရည်မှန်းချက်၊ မဟာဗျူဟာမြောက်လမ်းစဉ်တွေ ချမှတ်ခဲ့သလို အဲဒီကတဆင့် တင်ပြမှု၊ အချက်အလက်စုစည်းမှုတွေ အခြေခံပြီး အမျိုးသားကာကွယ်ရေးမဟာဗျူဟာ ကိုချမှတ်ခဲ့ကြောင်း ဝန်ကြီးဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အမျိုးသားကာကွယ်ရေးမဟာဗျူဟာမှာ စိုးမိုးနယ်မြေ ကာကွယ်ချဲ့ထွင်တာ၊ လှုပ်ရှားဒေသသစ်ထိုးဖောက်တာ၊ မြို့ပြ ပြောက်ကျား ဖော်ဆောင်တာ၊ သတ်မှတ်တိုက်စစ်တွေဆင်နွှဲတာ၊ စုပေါင်းစစ်ဆင်ရေးအားကောင်းစေတာ၊ စိတ်ဓာတ်စစ်ဆင်တာ စတာတွေကို စတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၆ အတွင်း ရည်မှန်းချက်တွေ ပြည့်မီဖို့ ဆောင်ရွက်နေကြောင်း အသိပေးပါတယ်။

ဝန်ကြီးဒေါက်တာဇော်ဝေစိုးရဲ့တင်ပြချက်မှာ စစ်ကောင်စီရဲ့ ဘက်စုံထိုးစစ် ရင်ဆိုင်နေရတာကို အောင်မြင်စွာ ကျော်လွှားနိုင်ဖို့ တော်လှန်ရေးအင်အားစုအားလုံးရဲ့ ကာကွယ်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွေကို တစုတစည်းတည်းဖြစ်စေဖို့ ဘုံမဟာဗျူဟာ တရပ် မရှိမဖြစ်လိုအပ်နေတာကြောင့် အမျိုးသားကာကွယ်ရေးမဟာဗျူဟာ ကို ချမှတ်ခဲ့ကြောင်း အသိပေးခဲ့ပါတယ်။

ဒါ့အပြင် တိုင်းစစ်ဌာန စုဖွဲ့မှုတွေ၊ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေ ကွပ်ကဲမှုနဲ့ ဆောင်ရွက်တဲ့ ဒေသတွေကို PDF စစ်ရုံးချုပ်ရဲ့ ကွပ်ကဲမှု နဲ့ လည်ပတ်နိုင်အောင် လုပ်ဆောင်ခဲ့တာတွေအကြောင်း ပါရှိပါတယ်။

၂၀၂၁-၂၄ ကာလတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကွပ်ကဲမှုပုံစံဟာ အမှတ်(၁) စစ်ဒေသ၊ တောင်ပိုင်း စစ်ဒေသ၊ အလယ်ပိုင်းစစ်ဒေသဟူ၍ စစ်ဒေသ သုံးခုနဲ့ စုဖွဲ့ခဲ့ပြီး မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကွပ်ကဲမှုနဲ့ ဆောင်ရွက် ခဲ့ရာကနေ ၂၀၂၅မှာ အမှတ်(၁)စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ စစ်ကိုင်းတိုင်း မြောက်ပိုင်း ၅ခရိုင်၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့အား ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်က ကွပ်ကဲမှု ပြန်လည်ရယူခဲ့ပြီး စစ်ရုံးချုပ် ဦးဆောင်မှုနဲ့ ကောင်းစွာ ကွပ်ကဲလည်ပတ်နိုင်ခဲ့ပြီဖြစ်တယ်လို့ အသိပေးပါတယ်။

အလားတူ တောင်ပိုင်းစစ်ဒေသ၊ အလယ်ပိုင်းစစ်ဒေသ တွေဟာလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်က တိုက်ရိုက်ကွပ်ကဲသော တိုင်းစစ်ဌာနချုပ်များအဖြစ် စုဖွဲ့ခဲ့ကြောင်းရှင်းပြပါတယ်။

တပြည်လုံးအနေနဲ့ တိုင်းစစ်ဌာန ၁၀ခု၊ တပ်မ ၁ခုကို တခုတည်းသော ကွပ်ကဲမှုအဖြစ် ၂၀၂၅ အတွင်း တပ်ရင်း ၃၅၉ ရင်းအား ကွပ်ကဲဆောင်ရွက်နိုင်ခဲ့ကြောင်းပြောပါတယ်။ ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရုံးချုပ် အား ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ပြည်သူ့ရေးရာ ကိစ္စရပ်တွေကို ကာကွယ်ရေးဝန်ကြီးဌာနကလည်းကောင်း စစ်ဘက်ရေးရာ ကိစ္စရပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်ကလည်းကောင်း တိုက်ရိုက်ကွပ်ကဲမှုလုပ်ဆောင်ခဲ့တာကို ရှင်းပြပါတယ်။

အဲဒီ မှာပကဖ အဖွဲ့ပေါင်း ၂၇၇ ဖွဲ့ ဖြစ်တဲ့ တိုင်းနဲ့ ပြည်နယ် ပကဖ ၁၁ဖွဲ့၊ ခရိုင် ပကဖ ၅၄ဖွဲ့ မြို့နယ်ပကဖ ၂၁၂ဖွဲ့ကို ကာကွယ်ရေးဝန်ကြီးဌာနက တိုက်ရိုက်ကွပ်ကဲနေတဲ့ ပုံစံအား ပြောင်းလဲခဲ့ကြောင်း ရှင်းပြပါတယ်။

အဲဒီလို ပြောင်းလဲပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် တိုင်းစစ်ဌာနတိုင်းကွပ်ကဲရေးမှူးရဲ့ စစ်ရေးဦးဆောင်မှုနဲ့ တိုင်းစစ်ဌာန၊ ဒုတယ တိုင်းကွပ်ကဲရေးမှူး၊ တိုင်းပကဖ တာဝန်ခံ၊ တိုင်း ပကဖ ဒုတာဝန်ခံ စစ်ဘက်ရေးရာတို့ ပါဝင်သော တိုင်းကွပ်ကဲရေးအဖွဲ့တွေဖွဲ့စည်းပြီး စစ်ဆင်ရေးတွေကို အမိန့်တခုတည်းနဲ့ ဖော်ဆောင်နိုင်စေရေးဆောင်ရွက်ခဲ့ကြောင်း ဝန်ကြီးဒေါက်တာဇော်ဝေစိုးကလွှတ်တော်သို့ တင်ပြပါတယ်။

တိုင်းကွပ်ကဲရေးအဖွဲ့နဲ့အလားတူ ခရိုင်စစ်ဌာန၊ ခရိုင်ကွပ်ကဲရေးမှူး ဦးဆောင်တဲ့ခရိုင်ကွပ်ကဲရေးအဖွဲ့တွေကို လည်း ဖွဲ့စည်းတည်ထောင်ခဲ့တယ်လို့ အသိပေးပါတယ်။

လေ့ကျင့်ရေးကဏ္ဍမှာ ခရိုင်အလိုက်အခြေခံသင်တန်းတွေ၊ ဗျူဟာစုဖွဲ့မှု သင်တန်းတွေအပြင် တပ်မှူး သင်တန်း အပတ်စဉ်(၂)နဲ့ နည်းပြဆရာ သင်တန်းအပတ်စဉ်(၂)နဲ့ တပ်ထိန်းသင်တန်း အပတ်စဉ်(၁)တို့ ပြုလုပ်ခဲ့ပြီး လူ့စွမ်းအား အရင်းအမြစ် တွေမြှင့်တင်တာ၊ မွေးထုတ်တာ ဆောင်ရွက်ခဲ့ကြောင်း ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ စံပြုတည်မြဲအမိန့်အား မေလ ၅ရက် ၂၀၂၅မှာ အတည်ပြု ထုတ်ပြန်ခဲ့ပြီး တပ်ရင်းတွေအားလုံး စံကိုက်ပုံဖွဲ့စည်းနိုင်ရေးဆောင်ရွက်ခဲ့ကြောင်း ပြောပါတယ်။

မကွေးတိုင်း၊ စစ်ကိုင်းတို့မှာ မဟာမိတ်ပူးပေါင်းဆောင်ရွက်မှုနဲ့ တိုက်ပွဲဝင်ခြင်းတွေဆောင်ရွက်ခဲ့သလို ABSDFနဲ့ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့နဲ့ မြေပြင်ကွပ်ကဲရေးအဖွဲ့တွေ ဖွဲ့ပြီး ပူးတွဲ ကွပ်ကဲမှု လုပ်ဆောင်ခဲ့သလို တောင်ပိုင်း KNU တပ်မဟာ(၆)က စစ်ကြောင်းတွေကို စစ်တောင်းမြစ်၀နဲ့ မြစ်ဝှမ်းဘက်သို့ အောင်မြင်စွာ တပ်ရွှေ့ခဲ့ပြီး ပဲခူးဒေသစစ်ဆင်ရေးတွေ ဆောင်ရွက်တာ၊ အမြန်လမ်း၊လမ်းဟောင်း စိုးမိုးရေးစစ်ဆင်ရေးတွေ ဖော်ဆောင်ခဲ့ကြောင်း ရှင်းပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ တမူးဒေသအခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တပ်ရင်းအဖြစ် ပြောင်းလဲရပ်တည်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

၂၀၂၆မှာ တော်လှန်ရေး အောင်မြင်စွာ အဆုံးသတ်နိုင်မှာ မဟုတ်သေးပေမယ့် အောင်မြင်တဲ့ လမ်းပေါ်ကို သေချာပေါက်ရောက်မယ့်နှစ်ဖြစ်တယ်လို့ ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှာ တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်တွေ ပါဝင်လာနိုင်ရေး လာမယ့်သုံးလာအတွင်း ပိုမိုချိတ်ဆက်မှု လုပ်သွားမယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကတိုင်းပြည်အနာဂတ်သည်တအာင်းတပ်မတော်(TNLA) အထွေထွေ အတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်အပါအဝင် ခေါင်းဆောင်များ၏ ပုခုံးပေါ်ရောက်ရှိနေကြောင်း ပြောကြားခဲ့ရာ ဗိုလ်ချုပ်တားဘုန်းကျော်ကလည်း အတူတူ ပူးပေါင်းလုပ်ဆောင်ကြစို့ဟု တုန့်ပြန်ပြောကြားခဲ့သည်။