ဒီဇင်ဘာ-၂၃၊၂၀၂၅။တေဇ/People’s Spring
Amazonရဲ့ Twitchကနေ ရုပ်သိမ်းခံခဲ့ရတဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့်ရုပ်သံပလက်ဖောင်းတွေကို ဩစတေးလျနည်းပညာကုမ္ပဏီ Kick ကလည်း ၂၄ နာရီမပြည့်ခင်မှာဘဲ ဖယ်ရှားခဲ့တယ်လို့ Justice For Myanmarက အသိပေးထားပါတယ်။
Justice For Myanmarက ကုမ္ပဏီထံ စာရေးသားပေးပို့၍ ဒဏ်ခတ်ပိတ်ဆို့မှုများအား လိုက်နာဆောင် ရွက်မှုနှင့် လူ့အခွင့်အရေးဆိုင်ရာစိုးရိမ်မှုများကို မေးခွန်းထုတ်ပြောကြားခဲ့ပြီးနောက် ကုမ္ပဏီက အရေးယူဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီရဲ့ ဝါဒဖြန့် ရုပ်သံလိုင်းတွေက တိုက်ရိုက်ထုတ်လွှင့်မှုတွေပြုလုပ်တဲ့ Twitch ကနေ ပိတ်သိမ်းခံရချိန်မှာ Kick ကိုပြောင်းလဲခဲ့တာဖြစ်ပြီး Kick ကနေလည်း ထပ်မံဖယ်ရှားခံခဲ့ရတာပါ။

Public Service Announcement
Kick ကနေ ပိတ်သိမ်းလိုက်တဲ့ စစ်ကောင်စီရဲ့ရုပ်သံချန်နယ်တွေကတော့ MRTV HD ၊ MITV ၊ MRTV News ၊ MRTV Farmers ၊ MRTV Sports ၊ MRTV NRCနဲ့ MRTV Entertainment တွေဖြစ်ပါတယ်။
ဒီလိုပိတ်သိမ်းခံရတာကြောင့် စစ်ကောင်စီက သူတို့ရဲ့ ရွေးကောက်ပွဲမတိုင်ခင်နေ့ရက်တွေကို အွန်လိုင်းကနေတိုက်ရိုက်ထုတ်လွှင့်မှုမပြုလုပ်နိုင်တော့ဘူးလို့ JFMက ဆိုပါတယ်။
Kick က ဩစတြေးလျဘီလီယံနာသူဌေးကြီး Ed Craven နဲ့ BiJan Tehraniတို့က ပိုင်ဆိုင်တဲ့ မဲဘုန်းမြို့အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီး Twitchလိုပဲ Kick ကို ဂိမ်းကစားခြင်းတွေအတွက် အဓိကအသုံးပြုတယ်လို့ သိရပါတယ်။
Kick ရဲ့ အရေးယူဖယ်ရှားမှုက စစ်အုပ်စုရဲ့ ဝါဒမှိုင်းတွေ သတင်းမှားတွေနဲ့ အမုန်းစကားတွေ တိုက်ရိုက်ထုတ်လွှင့်နိုင်စွမ်းအားကို ကန့်သတ်ဖြတ်တောက်လိုက်ဖြစ်တယ်လို့ JFMက သုံးသပ်ထားပါတယ်။
လက်ရှိမှာတော့ MRTV ဝဘ်ဆိုဒ်နဲ့ အပ်ပလီကေးရှင်းများတွင် ထည့်သွင်းထားတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်တွေမှာ “ယခုချိတ်ဆက်မှု မှားယွင်းနေပုံရပါသည်” ဆိုသော Kick ရဲ့ မှားယွင်းမှုပြစာတန်းကို ဖော်ပြနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်က စစ်တပ်အတွက် ဝါဒဖြန့်နေတဲ့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) အပါအဝင် မြန်မာရေဒီယိုလိုင်း ၁၄ ခုကို Amazon ကုမ္ပဏီပိုင်တဲ့ ဗီဒီယိုပလက်ဖောင်း Twitch ကနေ ပိတ်လိုက်တာဖြစ်ပြီး သူတို့ရဲ့ ဝဘ်ဆိုဒ် နဲ့ Google၊ Apple App stores တွေမှာရှိတဲ့ မိုဘိုင်း Apps တွေကနေလည်း ဖယ်ရှားခဲ့တာပါ။
ဖေ့စ်ဘွတ်ခ်ကလည်း အင်္ဂလိပ်ဘာသာနဲ့ ထုတ်လွှင့်တဲ့ MITV ရဲ့ အကောင့်ကို ဖျက်သိမ်းခဲ့ပြီး Alphabetပိုင်ဆိုင်တဲ့ ယူကျူ့ကလည်း ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အကောင့်တစ်ခု နဲ့ MITV ရဲ့ ယူကျူ့ကိုလည်း ဖျက်သိမ်းခဲ့တယ်လို့ JFM က ဒီဇင်ဘာ ၂၂ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့မြဝတီသတင်းစာနဲ့ ဆက်နွယ်နေတဲ့ ရတနာပုံသတင်းစာရဲ့အကောင့်တွေကိုလည်း ဖေ့စ်ဘွတ်ခ် နဲ့ MediaFire ဝဘ်ဆိုဒ်ကနေဖျက်သိမ်းလိုက်တယ်လို့ JFM ကဆိုပါတယ်။ စစ်တပ်က သူတို့ရဲ့ Facebook အကောင့်တွေကနေ မျှဝေတဲ့ ဝါဒဖြန့်သတင်းစာတွေရဲ့ PDF ဖိုင် တွေကို MediaFire မှာ သိမ်းဆည်းတာလို့သိရပါတယ်။
အထက်ပါနည်းပညာကုမ္ပဏီတွေအပြင် Alphabet (Google ၏ မိခင်ကုမ္ပဏီ)၊ Apple၊ TikTok၊ X (ယခင် Twitter)၊ Telegram၊ Cloudflare နဲ့ ApkPure တို့ကိုလည်းစာရေးသားပေးပို့ထား ပေမယ့် လက်ရှိအချိန်အထိ စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးဌာန တိုက်ရိုက်ကြီးကြပ်ကိုင်တွယ်နေတဲ့ အကောင့်တွေအပါအဝင် ဝါဒမှိုင်းဖြန့်တဲ့အကောင့် တွေအပေါ် အရေးယူဆောင်ရွက်တာမရှိသေးဘူးလို့ JFM က ပြီးခဲ့တဲ့ရက်ပိုင်းကထုတ်ပြန်ထားပါတယ်။
ဒါကြောင့် နည်းပညာကုမ္ပဏီအားလုံးအနေနဲ့ စစ်အုပ်စုရဲ့ ဝါဒဖြန့်တဲ့ အကောင့်တွေကို ဖြုတ်ချဖို့နဲ့ သူတို့ရဲ့ ပလက်ဖောင်းတွေကို စစ်ကောင်စီက အသုံးပြုနေတာကို ပိတ်ပင်ဖို့ JFM က ထပ်မံတိုက်တွန်းထားပါတယ်။

















































