ဒီဇင်ဘာ- ၂၅၊၂၀၂၅။ဇော်ဝင်း/People’s Spring
ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်အခြေစိုက် အမှတ်(၄)အရာခံဗိုလ်နဲ့ အကြပ်ကြီးသင်တန်းကျောင်းက ဒု အရာခံဗိုလ်ကို ဖမ်းဆီးရမိတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
ကျိုက်ထိုမြို့နယ်၊ကင်ပွန်းစခန်းကျေးရွာ၊ ကဒက်ချောင်းမှာ ပျော်ပါးဖို့လာတဲ့ ဒုအရာခံဗိုလ်သန်းဝင်းကို အသံတိတ်သပိတ်ကျင်းပတဲ့ ဒီဇင်ဘာ ၁၀ ရက်က ဖမ်းမိတာလို့ ဆိုပါတယ်။
ဒုအရာခံဗိုလ်နဲ့အတူ ကားတစ်စီး ၊ရွှေထည်အချို့၊မှတ်ပုံတင်နဲ့ အခြားဆက်စပ်ပစ္စည်းတချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement
“ချင်းပြည်နယ်မှာ တာဝန်ကျဖူးတယ်။နောက် ခမရ ၅၉၁ တပ်မှာတာဝန်ကျတယ်။အခု ရန်ကုန်မှာ တာဝန်ကျတာ။ရန်ကုန်ကနေ ၈ ရက်နေ့က ဆင်းလာတာ သတင်းအတိအကျနဲ့ ဖမ်းနိုင်ခဲ့တယ်”လို့ KRF တာဝန်ရှိသူက ဖြစ်စဥ်ကို ရှင်းပြပါတယ်။
ဖမ်းဆီးခဲ့တဲ့ ဖြစ်စဥ်မှာ သေနတ်တစ်ချက်မှ မဖောက်တဲ့အပြင် ပြည်သူတွေကိုပါ ရိုင်းပြစော်ကားတာ မလုပ်ခဲ့ဘူးလို့ အသိပေးပါတယ်။
လက်ရှိမှာ ဒုအရာခံဗိုလ်သန်းဝင်းကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူထားတယ်လို့လည်း သိရပါတယ်။
အခု ဖြစ်စဥ်ကို လုံခြုံရေးအခြေအနေတွေကြောင့် နောက်ကျမှ အသိပေးရတာကို နားလည်ပေးဖို့လည်း KRFက မေတ္တာရပ်ခံထားပါတယ်။
စစ်အာဏာရှင်ကျဆုံးတဲ့အထိ တိုက်ပွဲဆက်လက်ဝင်မှာဖြစ်ပြီး လူထုအသက်အိုးအိမ် ထိခိုက်ပျက်စီးစေမယ့် ကိစ္စတွေကို ပြုလုပ်မှာ မဟုတ်ဘူးလို့လည်း သီးခြားထုတ်ပြန်ထားပါတယ်။


















































