ဒီဇင်ဘာ-၃၁၊ ၂၀၁၅။ အိမ်သွင်/People’s Spring
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ ပင်လယ်ပြင်အတွင်း ငါးဖမ်းနေတဲ့ ဒေသခံပြည်သူ ၂၈ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားပြီး အဆက်အသွယ်ပြတ်တောက်နေပါတယ်။
ပေါက်တောမြို့ ဆက်တက်မော်ရွာက အမျိုးသား ၂၈ဦးဟာ ဒီဇင်ဘာ ၂၂ရက်က ပင်လယ်ပြင်မှာ စက်လှေသုံးစီးနဲ့ ငါးဖမ်းနေစဉ် စစ်ကောင်စီရေတပ်က ဖမ်းဆီးသွားတာလို့ ပေါက်တောမြို့ခံတစ်ဦးကပြောပါတယ်။
အဲ့ဒီအမျိုးသားတွေက အသက် ၁၇နှစ်ကနေ ၅၀ကြား ဖြစ်ပြီး ဒီနေ့ ဒီဇင်ဘာ ၃၁ရက်အထိ အဆက်အသွယ်မရသေးလို့ မိသားစုဝင်တွေက စိတ်ပူနေကြပါတယ်။

Public Service Announcement
“ စစ်သားစုဆောင်းခံရပြီလို့ သတင်းကြားရတယ်။ ပြန်မလာကြဘူးလေ။ အိမ်ကလူတွေ အရမ်းစိတ်ပူနေတယ်။ မျှော်လင့်ချက်မရှိသလောက်ပဲ” လို့ ပေါက်တောမြို့ခံတစ်ဦးကပြောပါတယ်။
ပေါက်တောမြို့ကို အာရက္ခတပ်တော်(AA)က ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ပေါက်တော၊ သံတွဲအပါအဝင် AA သိမ်းယူထားတဲ့ မြို့တွေကို စစ်ကောင်စီက ပင်လယ်ပြင်မှာ တပ်စွဲထားတဲ့ ရေတပ်သင်္ဘောတွေပေါ်ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာတွေ၊ ပင်လယ်ပြင်က ငါးဖမ်းစက်လှေတွေကို ဖမ်းဆီးတာတွေလုပ်နေလို့ လုံခြုံရေးသတိပြုကြဖို့ AA သတိပေးချက်ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်က လက်ကျန်မြို့သုံးမြို့နဲ့ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းအစပ်ဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်နေစဉ် စစ်ကောင်စီ ရေတပ်သင်္ဘောတွေက စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်းကို လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်တာတွေ၊ ပင်လယ်ပြင်ကမ်းနီးအတွင်း တစ်နိုင်တစ်ပိုင်ဝမ်းစာရှာ ငါးဖမ်းထွက်နေကြတဲ့ ရေလုပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်နေတယ်လို့ AAက ပြီးခဲ့တဲ့အောက်တိုဘာလမှာသတိပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၆ရက်နဲ့ အောက်တိုဘာ ၃ရက်မှာ သံတွဲနဲ့ ကျောက်ဖြူမြို့တို့က ရေလုပ်သား၂၄ဦးကို စစ်ကောင်စီရေတပ်ကဖမ်းဆီးသွားတယ်လို့ AAက သတင်းထုတ်ပြန်ထားပါတယ်။

















































