ဇန်နဝါရီ-၂၉၊၂၀၂၅။People’s Spring
မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်တပ်က ဦးဆောင်ပြီး ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို အသိအမှတ် မပြုကြောင်း အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ကြေညာခဲ့ပါတယ်။
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ ထရေဆာ လာဇာရိုက မြန်မာနိုင်ငံမှာ အပိုင်း ၃ ခုခွဲပြီး ကျင်းပသွားခဲ့တဲ့ ရွေးကောက်ပွဲတွေကို ထောက်ခံဖို့ အဖွဲ့ဝင် နိုင်ငံတွေကြားမှာ ဘုံသဘောတူညီချက်တစ်ခု မရရှိခဲ့ကြောင်း ဇန်နဝါရီ ၂၉ ရက်နေ့က အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံပြီးချိန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
စီဘူမြို့မှာ ပြုလုပ်ခဲ့တဲ့ ကျင်းပခဲ့တဲ့ အစည်းအဝေး အပြီးမှာတော့ လာဇာရိုက အာဆီယံ အဖွဲ့ဝင် နိုင်ငံတချို့က ကိုယ်ပိုင် သဘောဆန္ဒအရ အဲဒီ ရွေးကောက်ပွဲ ရလဒ်အပေါ် အာရုံစိုက်လိုမှုမျိုးတွေ ရှိနေတာကိုတော့ အသိအမှတ် ပြုသွားပါတယ်။ အာဆီယံကရော ရှိရင်းစွဲ သဘောထားကို ပြင်ဆင်နိုင်သလားဆိုတဲ့ မေးခွန်းကိုတော့ လာဇာရိုက အခု အခြေအနေကို ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်တစ်ခု အနေနဲ့ ယူဆသင့်ပြီး အနာဂတ် မူဝါဒရေးရာ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး သက်ရောက်နိုင်တဲ့ အကြောင်းတရားအမျိုးမျိုးရှိလိမ့်မယ်လို့ ပြန်ဖြေသွားပါတယ်။

Public Service Announcement
မြန်မာ့ အကျပ်အတည်းကို ကူညီဖြေရှင်းဖို့ အဆိုပြုထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အာဏာသိမ်း စစ်တပ်ဖက်က လိုက်နာ အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တဲ့နောက် အာဆီယံဟာ ထိပ်သီးဆွေးနွေးပွဲတွေမှာအဆင့်မြင့်မြန်မာ အရာရှိတွေ တက်ရောက်ခွင့်ကို ပိတ်ပင်ထားခဲ့ပါတယ်။ စီဘူမြို့က ဆွေးနွေးပွဲမှာတော့ မြန်မာ စစ်တပ်က ခန့်အပ်တဲ့ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခွင့်မရခဲ့ဘဲ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အမြဲတမ်း အတွင်းဝန်သာ တက်ရောက်ခဲ့ပါတယ်။တစ်ဖက်မှာလည်းအာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားမှာ မြန်မာစစ်တပ်ကို ဘယ်လို ထိတွေ့ဆက်ဆံမလဲ ဆိုတာနဲ့ ပတ်သက်တဲ့ သဘောထားတွေက ကွဲပြားနေပါတယ်။စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဗီဗီယန် ဘာလက်ရစ်ရှ်နန်ကတော့ မြန်မာနိုင်ငံမှာ အဓိပ္ပါယ် ပြည့်ဝတဲ့ နိုင်ငံရေး တိုးတက်မှုတွေ ရှိလာဖို့ဆိုရင် ရန်လို တိုက်ခိုက်မှုတွေ ရပ်တန့်ပြီး အစုအဖွဲ့ပေါင်းစုံ ပါဝင်တဲ့ ဆွေးနွေးမှုတွေ အထမြောက်ဖို့ လိုအပ်ကြောင်း လူမှုကွန်ရက် မီဒီယာဖေစ်ဘွခ်ပေါ်မှာ ရေးသားထားခဲ့ပါတယ်။
တစ်ဖက်မှာတော့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ရှီဟာဆက်ခ် ဖုန်ကတ်ကွမ်က ထိုင်းအစိုးရ အနေနဲ့ မြန်မာ ရွေးကောက်ပွဲဟာ ဆွေးနွေးမှုတွေ စတင်နိုင်မယ့်လမ်းစတစ်ခုအဖြစ်ရှုမြင်ထားကြောင်း ဇန်နဝါရီ ၂၉ ရက်နေ့က မှတ်ချက်ပေးခဲ့ပါတယ်။ အဲဒီ ရွေးကောက်ပွဲဟာပြီးပြည့်စုံမှုမရှိမှန်းတော့ သဘောပေါက်ကြောင်း၊ ဒါပေမဲ့ ပြုပြင်ပြောင်းလဲမှုရဲ့ အစတစ်ခု ဖြစ်ဖို့တော့ မျှော်လင့်ကြောင်း သူက ဆိုပါတယ်။
လေ့လာစောင့်ကြည့်သူတွေကတော့ စီဘူမြို့က အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံခဲ့မှုမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ သဘောထား မတူညီမှုတွေ ထုံးစံအတိုင်း ဆက်ရှိနေခဲ့တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
စင်ကာပူ အခြေစိုက် ISEAS – Yusof Ishak Instituteရဲ့ မြန်မာ့အရေး လေ့လာမှု အစီအစဉ် ညှိနှိုင်းရေး အရာရှိ ဒေါက်တာ မိုးသူဇာက ဘုံသဘောတူညီမှု ၅ ချက်ဟာ လက်ရှိမှာ မြန်မာ့အရေးအတွက် အာဆီယံက ဝင်ရောက် စွက်ဖက်တဲ့ တစ်ခုတည်းသော ကိရိယာ တန်ဆာပလာအဖြစ် ဆက်ရှိနေဆဲလို့ မှတ်ချက်ပေးခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်နေတဲ့ ပြည်တွင်းရေး မငြိမ်သက်မှုတွေက မြန်မာစစ်တပ်ကိုလည်း အာဆီယံမှာ ဝင်ဆံ့ဖို့ တားဆီးထားဆဲ ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ်ဟာ မြန်မာအတွက် အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌတာဝန်ယူဖို့ဖြစ်ပေမယ့်လည်း လက်ရှိ အခြေအနေတွေကြောင့် အလှည့်ကျော်ပြီး ဖိလစ်ပိုင်က နေရာကို လက်လွှဲယူခဲ့တာ ဖြစ်ပါတယ်။
ကိုးကား-Straits Times


















































