ဖေဖော်ဝါရီ-၁၊၂၀၂၆။အိမ်သွင်/People’s Spring
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တောင်ပိုင်းကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတဲ့ စစ်ကောင်စီတပ်က ဒီနေ့ (ဖေဖော်ဝါရီ ၁ရက်)မှာ ဂျက်ဖိုက်တာ၊ Y-12နဲ့ ပါရာမော်တာတွေသုံးပြီး ဗုံးကြဲနေပါတယ်။
ကနီမြို့နယ်တောင်ပိုင်း မိုးကောင်းရွာနဲ့ လင်ပုန်းရည်ကျေးရွာဘက်ကို ညနေ ၄နာရီခန့်မှာ ဗုံးကြဲတာဖြစ်ပါတယ်။
” ဂျက်ဖိုက်တာက ၂စီး၊ Y-12 နဲ့က ဗုံးဆယ်လုံးမကဘူး။ပါရာမော်တာတွေလည်းသုံးပြီးကြဲနေတာ။ ဘာတိုက်ပွဲမှ မရှိဘဲ ကြဲနေတာ” လို့ ကနီမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
အဲဒီနေရာတွေကို မနေ့ကလည်း လေကြောင်းကနေ ဗုံးကြဲလို့ အိမ်မွေးတိရစ္ဆာန်တွေ သေဆုံးခဲ့ပါတယ်။
ကနီမြို့နယ်မှာ ဇန်နဝါရီ ၂၅ရက်က စစ်ကောင်စီရွေးကောက်ပွဲပြုလုပ်နေစဉ် မြို့အနီးနားရွာတွေကို ဗုံးကြဲခဲ့ပါသေးတယ်။ မဲစာရင်းတွေကိုဇန်နဝါရီ ၂၇ရက်မှာ ရဟတ်ယာဉ်နဲ့ လာသယ်စဉ် တော်လှန်ရေးတပ်တွေက ပစ်ခတ်လို့ ရဟတ်ယာဉ်မဆင်းနိုင်ဘဲ ပြန်သွားခဲ့ရပါတယ်။
ကနီမြို့နယ်အတွင်းမှာ ဇန်နဝါရီ ၂၂ရက်ကလည်း ဂျက်ဖိုက်တာနဲ့ ရော ပါရာမော်တာနဲ့ပါ ဗုံးကြဲလို့ အရပ်သားတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့ပါတယ်။
ကနီမြို့နယ်ကို ပစ်မှတ်ထားပြီး လေကြောင်းကနေတိုက်ခိုက်နေတဲ့အတွက် လေကြောင်းအန္တရာယ်သတိပြုကြဖို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။
ရွေးကောက်ပွဲကာလမှာ စစ်ကောင်စီက အကြမ်းဖက်တိုက်ခိုက်လို့ အရပ်သားပြည်သူ ၁၇၀ကျော်သေဆုံးခဲ့တယ်လို့ ကုလက ထုတ်ပြန်ထားပါတယ်။ အရပ်သားတွေကိုပစ်မှတ်ထားပြီး ဗုံးကြဲနေတဲ့ စစ်ညကောင်စီကို အရေးယူဖို့ တော်လှန်ရေးအင်အားစုတွေကတောင်းဆိုထားပါတယ်။

















































