ဖေဖော်ဝါရီ – ၅ ၊၂၀၂၆ ၊ဆိုင်းမင်း/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ကွတ်ခိုင်မြို့နယ်၊နမ့်ဖတ်ကာမြို့မှာ၁၀နှစ်အောက်ကလေးငယ်လေးဦးဗုံးသီးကိုဆော့ကစားမိရာကနေဖေဖော်ဝါရီလ ၃ ရက်နေ့ခင်းပိုင်းကပေါက်ကွဲမှုဖြစ်ပြီးတစ်ဦးသေဆုံးကာသုံးဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံအချို့ထံကသိရပါတယ်။
အဲဒီဖြစ်စဉ်ဟာ နမ့်ဖတ်ကာမြို့ ၊ အမှတ် (၃) ရပ်ကွက်မှာ နေ့ခင်းပိုင်း ၁ နာရီခွဲဝန်းကျင်ကဖြစ်ပွားခဲ့တာပါ။
“ ဖြစ်တာဟုတ်တယ်၊ တစ်ယောက်သေတယ်လို့လည်းပြောကြတယ်”လို့ နမ့်ဖက်ကာမြို့ ၊ အမှတ်(၃)ရပ်ကွက်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement
ဗုံးသီးကိုဆော့ကစားကြတဲ့ကလေးငယ်တွေဟာ မောင်နှမ တော်စပ်ကြသူတွေဖြစ်တယ်လို့ကနဦး သိရပြီး အသက် ၁၀ နှစ်အောက် တွေဖြစ်ကြကာ ယောကျ်ားလေးတစ်ဦးသေဆုံးခဲ့ရတာပါ။
ကျန်တဲ့ကလေးငယ်သုံးဦးကတော့ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားတဲ့သိန္နီမြို့ကဆေးရုံဆီပို့ဆောင်ထားတယ်လို့သိရပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်နောက်ပိုင်းမြေမြှုပ်မိုင်းနဲ့ အခြားပေါက်ကွဲစေတတ်တဲ့လက်နက်ပစ္စည်းတွေကြောင့်ထိခိုက်ဒဏ်ရာရသူအရေအတွက်ဟာမြင့်တက်လာခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့အစီရင်ခံစာအရ ၂၀၂၅ ခုနှစ်ပထမနှစ်ဝက်အတွင်းမှာတင် ထိခိုက်ဒဏ်ရာရသူ ၃၅၇ ဦး ရှိခဲ့ပြီး အများစုက ရှမ်းပြည်နယ်က ဖြစ်ကာ ၁၀၃ ဦးထိပါဝင်နေပါတယ်။
ရှမ်းပြည်နယ်ပြီးရင် ရခိုင်ပြည်နယ်၊ မကွေးတိုင်း တို့ဟာ မြေမြှုပ်မိုင်း နဲ့ အခြားပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်ဒဏ်ရာရသူများပြားတဲ့ ဒေသတွေဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်ပထမနှစ်ဝက်အတွင်းထိခိုက်ဒဏ်ရာရသူတွေရဲ့ ၂၇ ရာခိုင် နှုန်းဟာကလေးသူငယ်တွေဖြစ်ကြတယ်လို့ ကုလက အသိပေးထားပါတယ်။


















































