ဖေဖော်ဝါရီ- ၈၊ ၂၀၂၆။မိုမို/People’s Spring
မုံရွာမြို့နယ်အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နဲ့ တစ်မိုင်ကျော်သာဝေးတဲ့ တိုက်ပွဲမှာ စစ်တပ်ရဲ့ ဗိုလ်အဆင့်ရှိသူတစ်ဦးအပါ အဝင် ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးပြီး သေနတ် နှစ်လက်သိမ်းဆည်းရရှိတယ်လို့ Black Falcon တပ်ဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၅ ရက်က နမခ အနီး မင်းတဲရွာ ဘုန်းကြီးကျောင်းထဲမှာအင်အား၂၅ ဦးနဲ့ အထိုင်ချ တပ်စွဲထားတဲ့ ကင်းစခန်းကနေ ထွက်လာတဲ့ ကားတစ်စီး နဲ့ ဆိုင်ကယ်တွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။
မင်းတဲ နဲ့ သပြေတော ဖောက်လမ်းပေါ် နမခ နဲ့ ( ၁ ) မိုင်ကျော်သာဝေးတဲ့ နေရာမှာ စောင့်ဆိုင်းတိုက် ခိုက်ခဲ့မှုက နှစ်ပွင့် ဗိုလ်တစ်ဦးနဲ့ ရှေ့ပြေးမောင်းနှင်လာတဲ့ ဆိုင်ကယ်ပေါ်က စစ်သားနှစ်ဦး နေရာမှာပဲ သေဆုံးတယ်လို့ ထုတ်ပြန်ချက်ကဖော်ပြပါတယ်။

Public Service Announcement
ဒါ့အပြင် တိုက်ခိုက်မှုကနေ ထော်လာဂျီယာဥ်ပေါ်ပါတဲ့ စစ်အုပ်စုထဲက လေးဦး ထပ်မံသေဆုံးပြီး ၁၀ ဦး ကျော်ထိခိုက် ဒဏ်ရာရကာ MA-1 သေနတ် နှစ်လက်သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း နမခ နဲ့ ကျောက်စစ်ပုံ အမြှောက်တပ်ရင်းက လက်နက်ကြီးပစ်ကူတွေနဲ့ နမခ ကနေ အင်အား ၂၀၀ ပါတဲ့စစ်ကြောင်း ၊ တင့်ကား တစ် စီးအပါအဝင် ပွုင့် 5 ပါ သံပြားကာ ကား သုံးစီးနဲ့ စစ်ကူပေးခဲ့တယ်လို့လည်း ဖော်ပြပါတယ်။
သေဆုံးသူတွေရဲ့ အလောင်းတွေနဲ့ ဒဏ်ရာရခဲ့သူတွေကို နမခ စစ်ဆေးရုံကိုပို့ဆောင်ပြီးဆေးရုံအရောက်ထပ်မံသေဆုံးသူတွေရှိတယ်လို့လည်း ဆိုပါတယ်။
နမခ တပ်တွင်းထဲကိုစစ်ကိုင်းမြို့ က တပ်မ (၃၃) နဲ့ လုံခြုံရေးတိုးမြင့်ထားပြီး တိုက်ခိုက်မှုဖြစ်ပွားရာအနီးက ကျေးရွာနှစ်ရွာကိုလည်းစစ်တပ်ကအင် အားအများအပြားနဲ့ ဝင်ရောက်နေတယ်လို့ သိရပါတယ်။
အဲဒီကျေးရွာတွေက ဒေသခံတွေကို တစ်အိမ်တစ်ယောက်ခေါ်ယူ စစ်ဆေးရိုက်နှိက်နေတာ၊ ကျေးရွာထဲ ကနေ ပြင်ပကို အထွက်မခံနဲ့ ကျေးရွာထဲလူဝင်မခံတာတွေ ရှိတယ်လို့လည်း Black Falcon တပ်ဖွဲ့က ပြောပါတယ်။
နမခ အနီးစစ်တပ်စစ်ကြောင်းကို Black Falcon တပ်ဖွဲ့ နဲ့အတူ ပြည်သူ့လွှတ်မြှောက်ရေးတပ်မတော် PLA ၊ မုံရွာခရိုင်အမှတ် (၂၄) တပ်ရင်း တပ်ခွဲ (၃) ၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) – SRA တပ်ပေါင်းစုအဖွဲ့၀င် ၊ တိုက်နယ် ၅ ပလဖ ၊ ကနောင်မင်း သားကြီး တပ်ဖွဲ့ ၊ သွေးသောက်ညီကို တပ်ဖွဲ့ ၊Three Star တပ်ဖွဲ့ နဲ့ နယ်မြေခံ အမေ့သားတပ်ဖွဲ့တို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုလို့ သိရပါတယ်။
တိုက်ပွဲအတွင်း ရဲဘော်တစ်ဦးကျဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“ စစ်တပ်စစ်ကြောင်းက တိုက်ခံရပြီး နမခထဲပြန်ဝင်သွားတယ်” လို့ BLDF ရဲဘော်တစ်ဦးက လူထုနွေဦးကို ပြောပါတယ်။
စစ်တပ်က မုံရွာမြို့နယ်ထဲက အဓိကလမ်းပိုင်းတွေမှာ ပြီးခဲ့တဲ့နှစ်ကတည်းက စစ်ကြောင်းထိုးအထိုင်ချ တပ်စွဲခဲ့တာအပြင် မုံရွာမြို့နယ်အနီးက ချောင်းဦးမြို့နယ်ကိုလည်း စစ်ကြောင်းထိုးအင်အားဖြည့်တာ တွေလုပ်နေပါတယ်။
ရုပ်သံ-Black Falcon





















































