မတ်-၂၂၊ ၂၀၂၆။မိုမို/People’s Spring
အနောက်မြောက်ပိုင်းစစ်ဌာနချုပ်(နမခ)ကနေ စစ်ကိုင်းတိုင်းက မြို့နယ်အချို့မှာ ထိုးစစ်ဆင်နေတဲ့ စစ်တပ်စစ်ကြောင်းက အရာရှိတချို့ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ဆေးရုံတင်ထားရကာ သေဆုံးသူတွေလည်းရှိတယ်လို့ လူထုနွေဦးရဲ့ နမခတပ်တွင်းသတင်းရင်းမြစ်က ပြောပါတယ်။
နမခဌာနချုပ်က တပ်တွေဟာ စစ်ကိုင်း၊ ရွှေဘိုနဲ့ ဝက်လက်မြို့နယ်တွေမှာ စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။
“ဝက်လက်မှာ သေတာထိတာများတယ်။ပြီးတော့ ရွှေဘို မခေါက်မှာဆိုရင် ဒရုန်းနဲ့ထိတာတင် အယောက် ၃၀လောက်ရှိတယ်”လို့ အထက်ပါသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
နမခစစ်ကြောင်းကို ဦးဆောင်နေတဲ့ ဗိုလ်မှူး ရဲမင်းပိုင်ဟာလည်း ဒရုန်းဗုံးထိမှန်လို့ မန္တလေးနန်းတွင်းဆေးရုံကို ပို့ ကုသနေရတယ်လို့ ဆိုပါတယ်။
အလားတူပဲ ဗိုလ်ကြီးအဆင့် စစ်တပ်အရာရှိနှစ်ဦးလည်း ဦးခေါင်းထိမှန်တာတွေ ရှိတယ်လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။
ဝက်လက်မြို့နယ်အရှေ့ခြမ်းကို စစ်တပ်က စစ်ကြောင်းထိုးတာတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ် ရှိနေပါတယ်။
“တိုက်ပွဲတွေကတော့ ရှိတယ်။ဒရုန်းနဲ့ ချသလို မြေ ပြင် ထိတွေ့မှုလည်း ရှိတယ်။နယ်မြေအခြေအနေ အရ မထုတ်ပြန်သေးတာ”လို့ ဝက်လက်မြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဧရာဝတီမြစ်အရှေ့ခြမ်းက စဥ့်ကူးမြို့ကို စစ်တပ်က ပြန်ထိန်းချုပ်ပြီးနောက် မြစ်အနောက်ဘက်က တော်လှန်ရေးအင် အားစုတွေအားကောင်းတဲ့ ရွှေဘိုနဲ့ ဝက်လက်မြို့နယ်ကိုပါ ထိန်းချုပ်ဖို့ စစ်တပ်က ကြိုးပမ်းနေတာ ဖြစ်ပါတယ်။


















































