မြစ်ကြီးနားလေတပ်စခန်းက ရေဒါတစ်ခုကို KIA ပူးပေါင်းတပ် ဖျက်ဆီး
ဖေဖော်ဝါရီ-၁၀ရက်၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်စခန်းအချို့ကို ထပ်မံ သိမ်းရတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဖေဖော်ဝါရီအတွင်းမှာ ၀ိုင်းမော်မြို့ကို KIAက ထိုးစစ်ဆင်လို့ လဆန်းပိုင်းကတည်းက ခလရ(၅၈)တပ်ရင်း ကာကင်းစခန်း ၂ခု အပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာအချို့ကို သိမ်းရထားပါတယ်။

Public Service Announcement
“ ဝိုင်းမော်တိုက်ပွဲမှာ စခ နဲ့ ပြည်သူ့စစ်တွေ ထိခိုက်ကျဆုံးမှု တော်တော်များနေတယ်။ လက်နက်ခဲယမ်း တော်တော်များများ သိမ်းဆည်းရရှိထားတယ်။ ၅၈ တပ်ရင်းရဲ့ ကာကင်း ၂ခုကို ထပ်ရထားတယ်” လို့ စစ်ရေသတင်းရင်းမြစ်က ယခုရက်ပိုင်း ဝိုင်းမော်မြို့စစ်ရေးအခြေအနေကို ဒီကနေ့ ဖေဖော်ဝါရီ ၁၀ရက်မှာ ပြောပါတယ်။
ဖေဖော်ဝါရီ ၄ရက်တိုက်ပွဲမှာလည်း ခလရ(၅၈)တပ်ရင်းရဲ့ ကာကင်းစခန်း ၂ခုကို သိမ်းရထားတယ်လို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောထားပါတယ်။
ဝိုင်းမော်တိုက်ပွဲမှာ KIAက ထိုးစစ်လုပ်တာရှိသလို စစ်ကောင်စီတပ်ဘက်ကလည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ စစ်အင်အားတွေ ဖြည့်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်တာတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။
KIA ပူးပေါင်းတပ်ဟာ ၂၀၂၃ နှစ်ကုန်ပိုင်းကတည်းက စခန်းသိမ်းစစ်ဆင်ရေးတွေ ဖော်ဆောင်ခဲ့တာ၊ ၀ိုင်းမော်မြို့နယ်က ခလရ(၃၂၁) တပ်ရင်းဌာနချုပ် အပါအဝင် စစ်ကောင်စီတပ်စခန်းများစွာကို သိမ်းပိုက်နိုင်ခဲ့ပြီး ခလရ(၅၈)တပ်ရင်းနဲ့ စခန်းနေရာအချို့သာ ကျန်နေတာဖြစ်ပါတယ်။
စစ်ကောင်စီကလည်း ဆုံးရှုံးလက်လွှတ်ထားရတာတွေ ပြန်ရဖို့ ၂၀၂၅ ကတည်းက တန်ပြန်ထိုးစစ်လုပ်နေလို့ ဝိုင်းမော် လမြန်ဒေသမှာ ကာလရှည်တိုက်ပွဲဖြစ်ပွားနေတာပါ။
အခု KIA ရဲ့ ထိုးစစ်ဟာ ခလရ(၅၈)တပ်ရင်းဌာနချုပ်ကိုပါ သိမ်းပိုက်နိုင်ဖို့ ဦးတည်နေတာဖြစ်ကြောင်း ကချင်သတင်းရင်းမြစ်တွေက ပြောကြားထားပါတယ်။ ကာကင်းစခန်းတွေသိမ်းပြီးခလရ(၅၈)ကို ဝိုင်းပတ် ပိတ်ဆို့တိုက်ခိုက်နေတဲ့ အခြေအနေဖြစ်တယ်လို့ သတင်းရင်းမြစ်အချို့က အသိပေးထားပါတယ်။
ဒ့ါအပြင် တပ်ရင်းအတွင်းရှိ စစ်ကောင်စီတပ် မိသားစုတွေ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပြောင်းရွှေ့နေတာတွေရှိတယ်လို့လည်း အသိပေးထားပါတယ်။
KIA ပူးပေါင်းတပ်ဟာဖေဖော်ဝါရီ ၈ရက်တိုက်ပွဲမှာလည်း မြစ်ကြီးနားအခြေစိုက် နန့်ပေါင် လေတပ်စခန်း က လေကြောင်းထိန်းသိမ်းရေးအတွက် အရေးကြီးတဲ့ ရေဒါ ထိန်းချုပ်ရေးစင်တာ အစိတ်အပိုင်းအချို့ကိုလည်း အသေခံ ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်တွေက အသိပေးထားပါတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး KIA သတင်းရင်းမြစ်တစ်ဦးကလည်း ဖြစ်စဉ်မှန်တယ်လို့ ဖေဖော်ဝါရီ ၉ရက်ညပိုင်းမှာ အတည်ပြုပါတယ်။
ဖေဖော်ဝါရီ ၉ရက်မနက်မှာ ထွက်ပေါ်လာတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဂွန်မော်ရဲ့ ကချင်တော်လှန်ရေးနေ့ အခမ်းအနားမိန့်ခွန်းမှာလည်း စစ်ကောင်စီရဲ့ လေတပ်စခန်း ရေဒါတခု ဖျက်ဆီးနိုင်တာကို ထည့်သွင်း ပြောကြားခဲ့ပါတယ်။
“မနေ့ကဆိုရင် မြစ်ကြီးနားလေတပ်စခန်းရဲ့ ရေဒါတစ်ခု ကျွန်တော်တို ဖျက်ဆီးပစ်ပါတယ်။ ဗန်းမော်မှာလည်း ကျွန်တော်တို တင့်ကားတစ်စီး ပျက်ပါတယ် မနေ့က။ ဒီ ၂ လထဲမှာပဲ တင့်ကား ၇ စီးလောက် ဖျက်ဆီးနိုင်ခဲ့ပါတယ်။ အထူးသဖြင့်တော့ မနေ့က လေတပ်စခန်းရဲ့ ရေဒါကို ဖျက်ဆီးခဲ့တာ ဖြစ်တယ်”လို ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ပြောပါတယ်။
KIA အနေနဲ့ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ တိုက်လေယာဥ် ၊ ရဟတ်ယာဉ်၊ စစ်ရေယာဉ်တွေနဲ့ တင့်ကား သံချပ်ကာယာဉ်တွေကိုတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ဖြစ်စဉ်များစွာ ရှိပါတယ်။


















































