ဖေဖော်ဝါရီ-၁၀၊ ၂၀၂၆။ဇေအောင်/People’s Spring
အာဏာသိမ်းစစ်တပ်အတွက် လစဥ်ဒေါ်လာသန်းနဲ့ချီရှာပေးနေတဲ့ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းတွေနဲ့ စစ်ကောင်စီထောက်တိုင် ကုမ္ပဏီတွေကို ပြင်းထန်တဲ့အရေးယူမှုတွေလုပ်ဆောင်မယ်လို့ ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထုတ်ပြန်လိုက်ပါတယ်။
ဆားလင်းကြီးမြို့နယ် ပုဂ္ဂလိက Non-CDM ဝန်ထမ်းစီမံခန့်ခွဲရေးကော်မတီအနေနဲ့ မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီနဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေနဲ့ ပုဂ္ဂလိက Non-CDM ဝန်ထမ်းတွေကို
နွေဦးတော်လှန်ရေးနဲ့ ပြည်သူလူထုကို မျက်နှာမူသောအားဖြင့် ၂၀၂၆ ဇန်နဝါရီ ၃၁ရက် နောက်ဆုံးထားပြီး လုပ်ငန်းတွေရပ်စဲကာ အပြီးအပိုင်ထွက်ခွာပြီး တော်လှန်ရေးကို ပူးပေါင်းပါဝင်ပေးကြဖို့ ဖိတ်ခေါ်ခဲ့ပြီး ဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့လက်အောက်က မြို့နယ် ပုဂ္ဂလိက Non CDMဝန်ထမ်း စီမံခန့်ခွဲရေးကော်မတီက အသိပေးပါတယ်။

Public Service Announcement
သို့သော် ဖိတ်ခေါ်ကြေညာချက်ကို လက်မခံဘဲ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေဖို့ စစ်ကောင်စီအတွက် တစ်လကို ဒေါ်လာသန်းပေါင်းများစွာ အခွန်အခငွေရစေဖို့ အဆိုပါကုမ္ပဏီတွေနဲ့ Non-CDM ဝန်ထမ်းတွေဟာ စစ်တပ်ထောက်တိုင်အဖြစ် ဆက်လက်လုပ်ဆောင်နေတာကြောင့် ပြည်သူ့သစ္စာဖောက် စစ်ကောင်စီထောက်တိုင်အဖြစ် သတ်မှတ်ပြီး ဥပဒေအရ ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမယ်လို့ အဆိုပါကော်မတီက ထပ်မံအသိပေးပါတယ်။
အရေးယူဆောင်ရွက်မယ့်ကုမ္ပဏီကတော့ ၂ ခုဖြစ်ပြီး ဝမ်ပေါင်ယန်စီရဲ့ အသေးစားလုပ်ငန်းတွေမှာ ယန္တရားနဲ့ ဘက်ဖိုးတွေကို ကူညီလုပ်ကိုင်နေတဲ့ စိန်ပစ်တိုင်းထောင်ကုမ္ပဏီ၊ CDM ဝန်ထမ်းတွေရဲ့နေရာမှာ ဝန်ထမ်းရှာဖွေပေးတဲ့Sun& Moon ကုမ္ပဏီတို့ဖြစ်ကြောင်း၊ ဒါ့အပြင် မြန်မာ-ဝမ်ပေါင်ကုမ္ပဏီရဲ့ရာထူးကြီး ဝန်ထမ်းတွေဖြစ်တဲ့ ဦးဝင်းမြင့်၊ ဦးသိန်းထွန်းဆွေ၊ ဦးစိုင်းအောင်ကို၊ ဦးညိုလင်းသန်း၊ ဦးဟန်သာစိုး၊ ဦးအုန်းလွင်မြင့်၊ ဒေါ်သီသီဦး ၊ ဦးသိန်းစိုး ၊ ဦးသန်း နိုင်စိုးနဲ့ ဦးကျော်ကျော်ဦးတို့ကိုလည်း အရေးယူသွားမှာဖြစ်ကြောင်း ယင်းကော်မတီက အသိပေးပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဝန်ထမ်းအားလုံးရဲ့ ၉၅ ရာခိုင်နှုန်း CDM ပြုလုပ်မှုကြောင့် အလုံးစုံရပ်တန့်သွားခဲ့ပြီး စစ်ကောင်စီအတွက် လုံးဝဝင်ငွေမရတော့ကြောင်း၊ အဲဒီစီမံကိန်းတွေကို ၂၀၂၄ ခုနှစ် နှစ်စပိုင်းကစပြီးတော့ CDM မလုပ်တဲ့ ထိပ်ပိုင်း ရာထူးကြီးဝန်ထမ်းတွေက သူတို့ဝန်ထမ်းတွေကို ခြိမ်းခြောက်ပြီး ပြန်လည်ခေါ်ယူခဲ့ရာ ယခုအခါမှာ ရာနှုန်းပြည့်နီးပါး ပြန်လည်လည်ပတ်နေပြီဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ် ပုဂ္ဂလိက Non CDM ဝန်ထမ်း စီမံခန့်ခွဲရေးကော်မတီရဲ့ တာဝန်ရှိသူက People’s Spring ကို ပြောပါတယ်။
ဝမ်ပေါင်ကုမ္မဏီဟာ တစ်လ အမေရိကန်ဒေါ်လာ ၈၁ သန်း၊ ယန်စီကုမ္ပဏီဟာ တစ်လကို ၄၈ သန်းနဲ့ နှစ်ခုပေါင်း ၁၂၉ သန်းနီးပါး ဝင်နေတာဖြစ်ကြောင်း၊ အဲဒီဝင်ငွေထဲက ၇၀ ရာခိုင်နှုန်းဟာ စစ်ကောင်စီထံစီးဆင်းကြောင်း ၎င်းတာဝန်ရှိသူက ရှင်းပြပါတယ်။
“ဝမ်ပေါင်ယန်စီ တစ်လဝင်ငွေက နောက်ဆုံးပေါ် SU 30 ဂျက်ဖိုက်တာ တစ်လကို ၃ စီးလောက်ဝယ်သွားနိုင်တဲ့ အနေအထားပါ။ အဲဒီလိုမျိုး ဝင်ငွေတွေရှိပါတယ်။ အဲဒီလိုမျိုးတွေဝယ်ပြီးမှ ရတဲ့ဝင်ငွေတွေနဲ့ပဲ ကျွန်တော်တို့ ပြည်သူတွေကို ပက်ပက်စက်စက် သတ်နေတာ။ အဲဒါကြောင့် ဒီဝင်ငွေတွေကို ပြည်သူလူထုကို သတ်တဲ့ သွေးစွန်းငွေတွေကို ဖြတ်တောက်ချင်တဲ့အတွက် ပြောခြင်းဖြစ်ပါတယ်။ အဲဒါကိုမှ ပြည်သူလူထု မျက်နှာမမူဘဲနဲ့ စစ်ကောင်စီအကြိုက်လုပ်နေတာဖြစ်တဲ့အတွက် ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။”လို့ ကော်မတီတာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် ကျန်ရှိနေသေးတဲ့ ဦးဆောင်သူတွေ၊ ကန်ထရိုက်ကုမ္ပဏီတွေ အနေနဲ့လည်း အချိန်မီ ပြည်သူလူထုနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘဲ စစ်ကောင်စီထောက်တိုင်အဖြစ် ဆက်လက် လုပ်ကိုင်နေပါက ပြည်သူ့သစ္စာဖောက်အဖြစ် အမည်နဲ့တကွ ထုတ်ပြန်ကြေညာသွားမှာဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ် ပုဂ္ဂလိက Non CDM ဝန်ထမ်း စီမံခန့်ခွဲရေးကော်မတီက သတိပေးထားပါတယ်။


















































