ဖေဖော်ဝါရီ-၁၁၊ ၂၀၂၆။ ဒလပန်း/People’s Spring
ပဲခူးတိုင်း ၊ အနောက်ခြမ်း နတ်တလင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁၀ ရက် မနေ့ မနက်အစောပိုင်း ၁ နာရီကျော်အချိန်မှာ နတ်တလင်းမြို့နယ် ကျောက်ပြုတ်ကျေးရွာနဲ့ ဆင်ဝိုင်းကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
“ ပေါင် ၃၀၀ ဗုံးကြဲတာ။ ကျောက်ပြုတ်ကျေးရွာကို၂လုံး၊ ဆင်ဝိုင်းရွာ၂လုံး တစ်လုံးမပေါက်ဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်ပြုတ်ကျေးရွာက အသက် ၃၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး သူ့ရဲ့ အမျိုးသားဖြစ်သူနဲ့ သားဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်တာတွေအပြင် ဇန်နဝါရီ ၇ ရက်ကစပြီး မင်းဘူးကျွန်းက ပျူစောထီးတွေနဲ့ တောင်ညိုမြို့သစ်ရဲစခန်းက စစ်တပ် တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး နတ်တလင်းမြို့နယ် အရှေ့ဘက်ကျေးရွာတွေကို စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်းထိုးတဲ့ မနက်အစောပိုင်းမှာပဲ ကံသာယာကျေးရွာအနီးမှာ စစ်တပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲ ခဏဖြစ်ပွားခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။
ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၂) ကွပ်ကဲမှုအောက်ရှိ (၃၈၀၁) တပ်ခွဲ ၆ အရံညီနောင်တပ်ဖွဲ့ ၊ ခရိုင်ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့နဲ့ စစ်တပ်ဟာ ကံသာယာကျေးရွာအနီးထိပ်တိုက်တွေ့ရာကနေ တိုက်ပွဲဖြစ်ခဲ့ပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၂ ဦးသေဆုံးခဲ့သလို လက်ရှိအချိန်အထိလည်း အဲ့ဒီစစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာပါ။
“ အဲ့ထိတွေ့မှု ခဏမှာတော့ သူတို့ဘက်က ၂ ယောက်လောက်သေသွားတယ်။ အခုလည်း တိုက်ပွဲတွေဖြစ်ပွားပြီး စစ်ကောင်စီတွေ အထိနာနေတာပါ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ ဖေဖော်ဝါရီ ၉ ရက်မှာလည်း နတ်တလင်းမြို့နယ် ဓမ္မငယ်ကျေးရွာအုပ်စုက အိမ်သုံးဆယ်နဲ့ မင်းဘူးကျွန်းကျေးရွာအုပ်စုက ဘန်ကောက်တန်း၊ တာဂွကျေးရွာက နေအိမ်တွေကို မီးရှို့ခဲ့ပြီး နေအိမ် အများအပြားမီးလောင်ပျက်စီးခဲ့ရပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက်မှာ နတ်တလင်းမြို့ ကွက်သစ်ကျေးရွာက နေအိမ်တွေကိုလည်း ထပ်မံ မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ဟာ နတ်တလင်းမြို့နယ်အတွင်းကို မြေပြင် စစ်ကြောင်း၊ လေကြောင်းတိုက်ခိုက်တာတွေအပြင် တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်ကျေးရွာတွေကို လက်နက်ကြီးပစ်ခတ်တာတွေလည်း ပြုလုပ်နေပါတယ်။
ဖေဖော်ဝါရီ ၇ ရက်မှာ ပေါင်းတည်မြို့နယ် ကျွဲတဲကြီးရွာဘေးဆည်ဘောင်ပေါ်မှာရှိတဲ့ စစ်တပ်က နတ်တလင်းမြို့နယ် ကံသာယာကျေးရွာကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက်မှာ ဖလံပင်နဲ့ သရက်ပင်ကံရိုးကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးနဲ့ မြေပြင်စစ်ကြောင်းထိုးနေတာတွေကြောင့် ဓမ္မငယ်ကျေးရွာအုပ်စုက အိမ်သုံးဆယ်၊ မင်းဘူးကျွန်းကျေးရွာအုပ်စုက ဘန်ကောက်တန်း၊ တာဂွကျေးရွာအပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

















































