Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနားလေဆိပ်က ခရီးသည်တင်​လေယာဥ်ကို KIA တိုက်ခိုက်ခဲ့ခြင်းမဟုတ်​ကြောင်း​ပြော

မြစ်ကြီးနားလေဆိပ်ကခရီးသည်တင်​လေယာဥ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်ခဲ့ခြင်းမရှိဘဲ အများပြည်သူနဲ့ပတ်သက်တဲ့​နေရာ​တွေကို တိုက်ခိုက်တဲ့ မူဝါဒ KIA မှာမရှိ​ကြောင်း KIO/KIA သတင်းပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကပြောကြားလိုက်ပါတယ်။

(​ဖေ​ဖော်ဝါရီ ၂၀ ညက ဒရုန်းထိမှန်ခဲ့တယ်ဆိုတဲ့ MNA ​လေယာဥ်အမြှီးပိုင်း။ဓါတ်ပုံ-စစ်​ကောင်စီ)

■ပြည်သူလူထုနဲ့ပတ်သက်တဲ့အိုးအိမ်တွေ၊ကားတွေ၊ပစ္စည်းတွေ၊သင်္ဘောတွေ၊လေယာဉ်တွေတိုက်ခိုက်တဲ့ ပေါ်လစီKIA မှာမရှိ​ကြောင်းဗိုလ်မှူး​နော်ဘူးပြောကြား

ဖေဖော်ဝါရီ-၂၃၊၂၀၂၆။ထားမြတ်၊တာရာ/People’s Spring

မြစ်ကြီးနားလေဆိပ်ကခရီးသည်တင်​လေယာဥ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်ခဲ့ခြင်းမရှိဘဲ အများပြည်သူနဲ့ပတ်သက်တဲ့​နေရာ​တွေကို တိုက်ခိုက်တဲ့ မူဝါဒ KIA မှာမရှိ​ကြောင်း KIO/KIA သတင်းပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၀ရက်ည ၈နာရီကျော်မှာ မြစ်ကြီးနားလေဆိပ်ရှိ ခရီးသည်တင် လေယာဉ်ကို KIAကအသေခံ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သဖြင့် လေယာဉ်ထိခိုက်ပျက်စီးခဲ့တယ်လို့စစ်ကောင်စီကစွပ်စွဲထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ကKIA/PDFကို စွပ်စွဲကာ ပြင်းထန်စွာ တုန့်ပြန်မယ်လို့ ခြိမ်းခြောက်ကာ နောက်နေ့မှာ KIAနယ်မြေတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေပါတယ်။ဒါအပြင် စစ်တပ်ဝါဒဖြန့်တယ်လီဂရန်ချန်နယ်​တွေနဲ့ လူမှုကွန်ယက်​တွေက KIA ကိုလက်စား​ချေရမယ်ဆိုပြီး ဆက်တိုက် အမုန်းစကား​တွေ​​ပြောဆို​ရေးသားနေကြတာကို​တွေ့ရပါတယ်။

“မြစ်ကြီးနား ပြည်သူလူထု လေကြောင်းကို ပစ်ခတ်တာက ကျနော်တို့ KIAနဲ့ PDF ကို စွပ်စွဲထားတာ တွေ့ရပါတယ်။ ကျနော်တို့ KIA ရဲ့ မူဝါဒက အခုလိုမျိုး ပြည်သူလူထုနဲ့ ပတ်သက်တဲ့ အိုးအိမ်တွေ ကားတွေ ပစ္စည်းတွေ သင်္ဘောတွေ လေယာဉ်တွေ ပစ်ခတ်ဖို့ ကျနော်တို့ ပေါ်လစီမရှိပါဘူး။ ပြည်သူလူထု ထိခိုက်နစ်နာတာမျိုးကို ကျနော်တို့ ဘယ်တော့မှ မလုပ်ဘူး။ အရင်တုန်းကလည်း လွန်ခဲ့တဲ့ အချိန်ကာလမှာလည်း ကျနော်တို့ အဲဒါမျိုး လုပ်တာမျိုးမရှိဘူး အခုလည်း မလုပ်ပါဘူး။ နောင်မှာလည်း လုပ်မှာ မဟုတ်ပါဘူး” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဘယ်လို အစီအစဉ်တွေကြောင့် လေကြောင်းတိုက်ခိုက်ခံရတယ်ဆိုတာ မသိကြောင်းလည်း ပြောပါတယ်။

“အခုအချိန်မှာ မြန်မာနိုင်ငံမှာကတော့ စစ်ကော်မရှင်ကို မထောက်ခံတဲ့ မကျေနပ်တဲ့ ပြည်သူလူထုတွေ အဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့အစည်းက ပစ်တယ်ဆိုတာကို တိတိကျကျ ပြောဖို့တော့ အခက်အခဲတွေ အများကြီးရှိမှာဖြစ်ပါတယ်။” လို့ ဗိုလ်မှူးကြီးနော်ဘူကဆက်ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ကတော့ ဖေဖော်ဝါရီ ၂၀ရက် ညပိုင်းက စပြီး KIO/KIA နယ်မြေတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။သုံးရက်အတောအတွင်းမှာစစ်တပ် တိုက်ခိုက်ခဲ့တဲ့ နေရာ၁၀ခု​​လောက်ရှိ​နေပြီး အရပ်သားရှိတဲ့​နေရာ​တွေကိုတိုက်ခိုက်​နေတာလို့ သိရပါတယ်။

“ ၁၀နေရာလောက်မှာ သူတို့ပစ်တာ ရှိပါတယ်။ အဲဒီထဲမှာ တပ်စခန်းတွေကို ပစ်တာကတော့အဲဒီလောက်ထိ မဟုတ်ပါဘူး။ရွာတွေကို ပြည်သူလူထုရဲ့အိုးအိမ်တွေကို စျေးတန်းတွေကို ပစ်တာပဲ ပိုများတာ ဖြစ်ပါတယ်။” လို့ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

အထက်ပါဖြစ်စဥ်မှာလေဆိပ်ကနေ ပြန်ထွက်ဖို့ ပြင်​နေတဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)ရဲ့လေယာဉ်တစ်စီး အမြှီးပိုင်းထိမှန်ပြီး ထိခိုက်ပျက်စီးမှု ဖြစ်ခဲ့တယ်လို့ ​ဒေသခံအချို့က​ပြောတယ်။

“ လေယာဉ်အမြှီးပိုင်းထိသွားတယ်။ ခရီးသည်တွေ တော်တော်လန့်သွားပုံရတယ်။ သတိလစ်မေ့မြောတယ့်သူတွေလည်းရှိတယ်။ ပေါက်ကွဲသံကအကျယ်ကြီးပဲ။ သိပ်မကြာဘူး သေနတ်ပစ်သံတွေလည်း ကြားရတယ်။ လမ်းပန်းဆက်သွယ်ရေးကတော့ ပိုလို့တောင်ခက်ခဲသွားဦးမယ်” လို့ ဒေသခံတဦးကပြောပါတယ်။

အဲဒီ​နောက် မြစ်ကြီးနားလေဆိပ်ကို စစ်တပ်က သုံး လပိတ်ထားပြီး လေကြောင်းခရီးစဉ်ကို ယာယီရပ်နားလိုက်တယ်လို့သိရတယ်။

မြစ်ကြီးနားမြို့ဟာတိုက်ပွဲတွေကြောင့် ကားလမ်းပိုင်းတွေပိတ်ထားစဥ်လေကြောင်းခရီးစဉ်ကိုသာ အဓိကထားအသုံးပြုနေရသလို တပိုင်တနိုင်ကုန်စည်တွေကိုလည်း လေကြောင်းနဲ့သယ်ဆောင်နေတာဖြစ်ပါတယ်။လေဆိပ်ပါ ပိတ်ထားလိုက်ပါက ပို့ဆောင်ရေးခက်ခဲတာ၊ ကုန်ဈေးနှုန်းတက်လာနိုင်တာနဲ့ ဆေးဝါးပြတ်တောက်နိုင်တာတွေ ဖြစ်လာနိုင်မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ဒါအပြင်ဖေဖော်ဝါရီ ၁၂ရက်ကလည်း မြစ်ကြီးနားလေဆိပ်မှာ အသေခံဒရုန်းတစင်းပျက်ကျခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ အဲဒီတုန်းကလည်း စစ်ကောင်စီက KIAကို စွပ်စွဲခဲ့​သေးပြီး KIA ဘက်ကလုပ်ဆောင်ခဲ့ခြင်းမရှိ​ကြောင်း အသိပေးထားပါတယ်။

စစ်ကောင်စီဟာ လတ်တလောမှာ မြစ်ဆုံစီမံကိန်း ပြန်စဖို့ ကြိုးပမ်းနေပြီးမြစ်ကြီးနားမှာလူထု တွေ့ဆုံပွဲတွေ ပြုလုပ်လျက်ရှိပါတယ်။ ဒီလို အခြေအနေမှာ လူထုတွေက KIAကို အထင်အမြင်မှားအောင် လုပ်ကြံဖန်တီးမှုတွေ ပြုလုပ်စွပ်စွဲနေတာလို့ ကချင်သတင်းရင်းမြစ်အချို့က သုံးသပ်ပြောကြားထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး​နောက်ပိုင်း ၅နှစ်အတွင်း လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ် ၆၀၀ ကျော် အပါအဝင် ပြည်သူ ၅,၀၀၀ နီးပါး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ​ဖေ​ဖော်ဝါရီလဆန်းမှာ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်နဲ့ မိုးကောင်းမြို့နယ် နမ္မတီမြို့အကြားမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီ တပ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်အရာရှိ အပါအဝင် သေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကိုလာတဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ထိမှန်ခဲ့ပြီး အရေးပေါ် ဆင်းသက်ခဲ့ရပေမယ့် လုံး၀ပျက်စီးသွားတာမျိုးမရှိဘဲ ဆက်လက်ထွက်ခွာသွားကြောင်း KIAနဲ့ ကချင်စစ်ရေးသတင်းရင်းမြစ် အချို့က ပြောပါတယ်။

သတင်း

ဒဏ်ရာရတပ်ရင်းမှူးကို လာကယ်စဉ် တိုက်ခိုက်ခံရဟု သတင်းရင်းမြစ်ပြော

သတင်း

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်နဲ့ ဗန်းမော် မြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး စစ်တက်က လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။