ဖေဖော်ဝါရီ-၂၄၊၂၀၂၆။အိမ်သွင်၊ ထားမြတ်/People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အထူးတိုင်းစစ်ဌာနက PDF တပ်ရင်းသစ် ၃ခု ထပ်တိုးဖွဲ့စည်းလိုက်ကြောင်း ဒီကနေ့ဖေဖော်ဝါရီ ၂၄ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းစံပြုတည်မြဲအမိန့်နဲ့အညီ အမှတ် (၈၀၀၂) တပ်ရင်း – KANBAUK DEFENCE FORCE၊ အမှတ် (၈၀၀၃) တပ်ရင်းနဲ့ အမှတ် (၉၉၂၅) တပ်ရင်း – RANGOON WARRIORS PDF တပ်ရင်း(၃)ရင်းကို ထပ်တိုး ဖွဲ့စည်းအတည်ပြုကြောင်း အသိပေးခဲ့တာပါ။
၂၀၂၅ ဧပြီ ၃ရက်မှာ PDF စစ်ရုံးချုပ်က အထူးတိုင်း စစ်ဌာနကို ဖွဲ့စည်းအတည်ပြုခဲ့ရာ စတင်ဖွဲ့စည်းချိန်က တိုင်းစစ်ဌာနအောက် နည်းဗျူဟာ (၅) ခုရှိပြီး တရားဝင် ကွပ်ကဲမှုခံယူထားသော တိုက်ခိုက်ရေးတပ်ရင်း (၁၁) ရင်းနဲ့ ဒရုန်းလက်ရုံးတပ်ဖွဲ့ (၅) ဖွဲ့ ရှိခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များဖြစ်သော ရန်ကုန်၊ ပဲခူး၊ မွန် ပကဖ တပ်ဖွဲ့များကို စနစ်တကျစုစည်းပြီး တိုက်ခိုက်ရေးစစ်ကြောင်း (၃) ကြောင်း ဖွဲ့စည်းနိုင်ခဲ့သလို ၂၀၂၅ ဒီဇင်ဘာမှာတေ့ အမှတ် (၈၀၀၁) တပ်ရင်းနဲ့ အမှတ် (၁၈၁၉) ဒရုန်းတပ်ဖွဲ့တို့ကို ထပ်တိုးဖွဲ့စည်းခဲ့ပါတယ်။

Public Service Announcement
ဒါကြောင့် အခု ထပ်တိုးတဲ့ တပ်ရင်း ၃ရင်း အပါအဝင် တပ်ရင်း ၁၅ရင်း၊ ပကစ စစ်ကြောင်း ၃ကြောင်း၊ ဒရုန်းတပ်ဖွဲ့ ၆ဖွဲ့ ရှိထားပြီဖြစ်ပါတယ်။
“တိုင်းစစ်ဌာနအနေဖြင့် MOD စစ်ရုံးချုပ်နှင့် အမှတ်(၁) စစ်ဆင်ရေးမှူး၏ လမ်းညွှန်ချက်နှင့်အညီ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၏ ကွပ်ကဲမှုအောက်တွင် COC နှစ်ရပ်နှင့်အညီ ခိုင်မာတောင့်တင်းသော တပ်ရင်း၊ တပ်ဖွဲ့၊ စစ်ကြောင်းများအဖြစ် စနစ်တကျ စုဖွဲ့လေ့ကျင့်လျှက်ရှိသည်” လို့လည်း ထုတ်ပြန်ပါတယ်။
အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားကလည်း “အထူးတိုင်းစစ်ဌာနအနေနဲ့ COC နှစ်ရပ်နဲ့အညီ ခိုင်မာအားကောင်းတဲ့တိုင်းစစ်ဌာနအဖြစ် စစ်ရေးတွေ ပိုမိုဖော်ဆောင်နိုင်မှာဖြစ်ပါတယ်” လို့ ၂၀၂၅ ဒီဇင်ဘာက တပ်ရင်း ၁ခု၊ ဒရုန်းတပ်ဖွဲ့ တိုးချဲ့ဖွဲ့စည်းနိုင်စဉ်က အသိပေးပြောပြထားပါတယ်။
အထူးတိုင်းစစ်ဌာနဟာအမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာ အခြေပြု ဖွဲ့စည်းထားတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF နည်းဗျူဟာ တွေ၊ တပ်ရင်း/တပ်ဖွဲ့ တွေ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့ တွေ၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေနဲ့ စုဖွဲ့ထားသည့် တိုင်းစစ်ဌာနတခုဖြစ်ပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေး အမြန်ဆုံး အဆုံးသတ်အောင်မြင်ဖို့ လိုအပ်တဲ့ အခြေအနေကောင်းများ ဖန်တီးတည်ဆောက်ရာမှာအင်အားသစ်များ စုစည်းခိုင်မာရေးကအဓိက အကျဆုံးဖြစ်တယ်လို့ အထူးတိုင်းစစ်ဌာနကထုတ်ပြန်ထားပါတယ်။
အထူးတိုင်း စစ်ဌာနဟာ ကရင်၊ မွန်ပြည်နယ်တွေမှာ အခြေပြုဖွဲ့စည်းထားတဲ့ PDF နည်းဗျူဟာတွေ တပ်ရင်းတပ်ဖွဲ့တွေ၊ ပကဖတွေနဲ့ စုဖွဲ့ထားတဲ့ တိုင်းစစ်ဌာနဖြစ်ပြီး KNU/KNLAတပ်တွေနဲ့အတူ ကရင်၊မွန်၊ ရေး-ထားဝယ်ဒေသတို့မှာစစ်ရေးဖော်ဆောင်နေသလိုပဲခူးတိုင်းစစ်ဌာန၊ ရန်ကုန်တိုင်းစစ်ဌာနတို့နဲ့ ပူးပေါင်းပြီးပဲခူးတိုင်းနယ်မြေအချို့မှာလည်း စစ်ရေးဖော်ဆောင်နေပါတယ်။
အထူးတိုင်းစစ်ဌာနမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF နည်းဗျူဟာ ၂၇၊ နည်းဗျူဟာ ၃၂၊ နည်းဗျူဟာ ၃၃၊ နည်းဗျူဟာ ၃၆၊ နည်းဗျူဟာ ၃၇ ၊ စုစုပေါင်း နည်းဗျူဟာ (၅) ခုနဲ့ စုဖွဲ့ထားပါတယ်။ တိုင်းစစ်ဌာနကွပ်ကဲမှုအောက်မှာအမှတ် ၇၈၀၁ တပ်ရင်း၊ အမှတ် ၇၈၀၂ တပ်ရင်း၊ အမှတ် ၇၈၀၄ တပ်ရင်း၊ အမှတ် ၇၈၀၅ တပ်ရင်း၊ ကော်ဘရာတပ်ရင်း(စစ်ကြောင်း ၁/၂)၊ကျားသစ်နက်တပ်ရင်း၊ ဒေါနတပ်ရင်း (စစ်ကြောင်း ၁/၂/၃)၊ တောင်ညိုတပ်ရင်း၊ Southern Eagle တပ်ရင်း၊ နဂါးဖြူတပ်ရင်း၊ SOG တပ်ရင်း၊ အမှတ် (၈၀၀၁)တပ်ရင်း၊ ၁၈၀၁ ဒရုန်းတပ်ရင်း၊ SDDF ဒရုန်းအထူးတပ်ဖွဲ့၊ ရောင်နီ ဒရုန်းအထူးတပ်ဖွဲ့ နှင့် Cloud Wings ဒရုန်းအထူးတပ်ဖွဲ့ ၊အမှတ်(၁၈၁၉) ဒရုန်းတပ်ဖွဲ့ တို့ရှိထားပြီးအခု ထပ်တိုးလာတဲ့ တပ်ရင်းတွေကတော့ အမှတ် (၈၀၀၂) တပ်ရင်း – KANBAUK DEFENCE FORCE၊ အမှတ် (၈၀၀၃) တပ်ရင်းနဲ့ အမှတ် (၉၉၂၅) တပ်ရင်း – RANGOON WARRIORS PDFတို့ ဖြစ်ပါတယ်။



















































