Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်-မိုးမိတ်ဒေသမှာ အခုနှစ်အတွင်းတိုက်ပွဲကြီးငယ် ၁၇ကြိမ်ဖြစ်ခဲ့ဟု NUG ထုတ်ပြန်

စစ်ကောင်စီတပ် ၂၁ဦးသေ၊ သုံ့ပန်းတွေဖမ်းမိ၊ တော်လှန်ရေးရဲဘော်တွေလည်း ကျဆုံးထိခိုက်ရှိ

(မိုးကုတ်-မိုးမိတ်ဒေသတိုက်ပွဲအတွင်း ဖမ်းမိတဲ့ သုံ့ပန်းတွေနဲ့ သိမ်းရတဲ့ လက်နက်ခဲယမ်းတွေနဲ့မူးယစ်​ဆေးဝါး​တွေ။ ဓာတ်ပုဲံ − NUG-MOD)

ဖေဖော်ဝါရီ ၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

တအာင်းတပ်မတော်(TNLA)က ပြန်ပေးအပ်ခဲ့လို့ စစ်ကောင်စီတပ် ပြန်လည်ဝင်ရောက်လာတဲ့ မိုးကုတ်-မိုးမိတ် ဒေသမှာ အခုနှစ်အတွင်း တိုက်ပွဲကြီးငယ် ၁၇ ကြိမ်ဖြစ်ခဲ့ပြီး နှစ်ဖက် ကျဆုံးထိခိုက်မှုတွေ ရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးပါတယ်။

TNLAနဲ့ မဟာမိတ်တွေ သိမ်းထားတဲ့ မိုးကုတ် မိုးမိတ် မြို့တွေဟာ တရုတ်ကြားဝင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ TNLAနဲ့ စစ်ကောင်စီအကြား ၂၀၂၅ အောက်တိုဘာလ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ စစ်အုပ်စုက ပြန်လည်ဝင်ရောက်ခဲ့တာပါ။

စစ်အုပ်စု ပြန်ဝင်လာတဲ့ ၂၀၂၅ နှစ်ကုန်ပိုင်းကတည်းက စစ်ကောင်စီတပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တွေက တိုက်ခိုက်လျက်ရှိရာ အခု နှစ်ဆန်းပိုင်းအထိ တိုက်ပွဲတွေ ဆက်ရှိနေတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေး စစ်ဦးစီးအဖွဲ့ရဲ့ ဦးဆောင်မှုဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း တိုက်ပွဲကြီး (၇) ကြိမ် ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီလအတွင်း တိုက်ပွဲ ကြီးငယ်ပေါင်း (၁၀) ကြိမ် ဖြစ်ပွားခဲ့တယ်လို့ NUG ကာကွယ်ရေးက ထုတ်ပြန်ပါတယ်။

ရန်သူရဲ့ အုပ်ချုပ်ထောက်ပံ့မှုရပ်ဝန်းများနဲ့ အရေးကြီး ပစ်မှတ်များကိုလည်း အထူးစစ်ဆင်ရေးများဖော်ဆောင်ပြီး အဆက်မပြတ် ထိုးနှက်တိုက်ခိုက်လျက် ရှိကြောင်း အသိပေးပါတယ်။

အဲဒီတိုက်ပွဲတွေနဲ့ စစ်ဆင်ရေးများအတွင်း စစ်ကောင်စီဘက်က (၂၁) ဦး သေဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိကြောင်း ဖော်ပြပါတယ်။ တိုက်ပွဲအတွင်း ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကိုလည်း လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးထားပြီး စနစ်တကျ ထိန်းသိမ်းထားရှိဟု အသိပေးပါတယ်။

“စစ်ဆင်ရေးများအတွင်း ထိခိုက်ကျဆုံးခဲ့ရသော ရဲဘော် ရဲဘက်များ နှင့် ကိုယ်လက်အင်္ဂါစွန့်လွှတ်သော ရဲဘော် ရဲဘက်များအား မိမိတို့အနေဖြင့် ဦးညွှတ်အလေးပြုပြီး တော်လှန်ရေးတာဝန်များအား အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ပါသည်” ဟု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်/အဖွဲ့များအနေနဲ့ မိုးကုတ်- မိုးမိတ်ဒေသအတွင်း စစ်ကောင်စီတပ်ကို ပြင်းထန်စွာ တိုက်ခိုက်တုန့်ပြန်နေရုံသာမက နယ်မြေလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များကိုပါ စနစ်တကျ ဆောင်ရွက်လျက်ရှိတယ်လို့လည်း အသိပေးပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ ဒေသတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများကိုလည်း စနစ်တကျဖော်ထုတ်ဖမ်းဆီးပြီး တရားဥပဒေနဲ့အညီ စီရင်နိုင်ဖို့ သက်ဆိုင်ရာသို့ တရားခံများအား ညွှန်းပို့ လွှဲပြောင်းနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိုးမိတ်မြို့နယ်က သစ်ဆိမ့်ကုန်းကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး အနည်းဆုံး နေအိမ် ၅လုံးခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်၊မိုးမိတ်မြို့ကို စစ်တပ်က စစ်ကားအစီး၂၀ကျော်နဲ့ အင်အားဖြည့်တင်းပြီးနောက်ရှမ်းပြည်နယ်အစပ်က မြို့နယ်တွေကို စစ်ကြောင်းထိုးလာနိုင်တယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ် တွေက သုံးသပ်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲမေဟောင်းတစ်ဦး စစ်တပ်နဲ့ ပူးပေါင်းသွားပြီး တော်လှန်ရေးရဲဘော်တွေကို လာပူးပေါင်းဖို့ ခြိမ်းခြောက် စည်းရုံးနေကြောင်း မိုးကုတ်ပကဖ ထုတ်ပြန်ပါတယ်။

သတင်း

မိုးကုတ်မြို့ဝန်းကျင်မှာတော်လှန်​ရေးတပ်​တွေက​ လေး​လ​ခန့်ကြာခုခံတိုက်ခိုက်ခဲ့