မတ်-၃၊၂၀၂၆။မိုမို/People’s Spring
မကွေးတိုင်း၊မင်းတုန်းမြို့နယ်က ပြောင်းကျေးရွာမှာ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ဗုံးဒဏ် သင့်ခဲ့တဲ့ ပြည်သူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်အရှို CDF – Ashoက ထုတ်ပြန်ပါတယ်။
မတ်လ ၁ ရက် မနက်ပိုင်းက စစ်ကောင်စီရဲ့ လေ ကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ၂၅ ဦးထက်မနည်းသေဆုံးပြီး ၂၀ကျော်ဒဏ်ရာရခဲ့တဲ့ ပြောင်းကျေးရွာဖြစ်စဥ်အတွက် ဒီကနေ့(မတ်လ ၃ ရက်) ချင်းအမျိုးသား အလံတော်ရှေ့မှာ ၁မိနစ်ငြိမ်သက်ခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေရဲ့ မိသားစုဆွေမျိုးတွေနဲ့ထပ်တူ ဝမ်းနည်းရပြီး များစွာ စိတ်မကောင်းဖြစ်ရတယ်လို့လည်း CDF – Ashoက အသိပေးပါတယ်။

Public Service Announcement
“ သေဆုံးသူတွေ ထပ်တိုးတာတော့ မရှိသေးဘူး။ဒါပေမယ့် ပျောက်ဆုံးသူတွေကိုလိုက်ရှာ လိုက်အတည်ပြုနေတာရှိသေးတယ်။တချို့သော Dead Body တွေက မီးလောင်ပျက်စီးသွားတာဖြစ်တဲ့အတွက် အမည်ဖော်မရတာတွေရှိတယ်” လို့ ပြောင်းရွာလေကြောင်းတိုက်ခံရမှုမှာကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။
မင်းတုန်းမြို့နယ်၊ပြောင်းရွာအနီးက အရပ်ဘက် ကုန်တင်ကားတွေ စုဝေးတဲ့နေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၂စီးနဲ့ စစ်ဆင်ရေးတစ်ခုသဖွယ် မတ်လ ၁ ရက် မနက် ၁၁နာရီ ၁၄မိနစ်ကနေ ၁၁ နာရီခွဲအထိ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“ သေဆုံးသူက အမျိုးသား ၂၃ယောက်၊အမျိုးသမီးနှစ်ယောက် စုစုပေါင်း ၂၅ ယောက် တွေ့ရှိထားတယ်။ဒါက Dead Body ကောက်လို့ရတဲ့ အရေအတွက် ဖြစ်ပါတယ်။သေဆုံးသူတွေဟာ လူလတ်ပိုင်းတွေ များပါတယ်။ထိခိုက်ဒဏ်ရာရတဲ့သူက နှစ်ဆယ်ကျော်ရှိပါတယ်။ အဲဒီထဲမှာ ၁၀ ယောက်လောက်က အရေးပေါ် စိုးရိမ်ရတဲ့အနေ အထားရှိပါတယ်။ကျွန်တော်တို့လည်း မရှိရှိတာလေးနဲ့ရှာကြံ ပြီးတက်နိုင်သမျှကြိုးစားကုသ ပေးနေတာမျိုးရှိပါတယ်” မင်းတုန်းမြို့နယ်၊ သရက်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုဗဟိန်း က ပြောပါတယ်။
ပြောင်းကျေးရွာ လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးပျက်စီးခဲ့တာတွေက အာရက္ခတပ်တော် (AA)ကို ပို့မယ့်ကုန်ပစ္စည်းတွေနဲ့ AA တပ်သားတွေလို့ စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်တွေက ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် ထိခိုက်သေဆုံးသူတွေဟာ အရပ်သားပြည်သူတွေသာဖြစ်ပြီး လက်နက်ကိုင်သူတစ်ဦးမှ မပါဝင်ဘဲ အရပ်သားတွေအပေါ် အစုလိုက် သတ်ဖြတ်မှု၊စစ်ရာဇဝတ်မှုကို စစ်တပ်က ဖုံးကွယ်တာလို့ မြေပြင်ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူအချို့က ဆိုပါတယ်။
“ မြို့ထဲထိ မဝင်ရဲလို့။မြို့ပြင်ကနေစောင့်ပြီးတော့မှ နည်းနည်းချင်းလေးတွေ သွားဝယ်လိုက် ကားပေါ်မှာပြန်တင်လိုက်။အဲဒီလိုလေးဝယ်နေပြီးတော့ ကားတွေစုနေတဲ့သဘောပါ။အရိပ်အာဝါသလည်းကောင်းတော့။ကားကြီးအလိုက်မြို့ထဲကို ကုန်ဝယ်တာမျိုးမလုပ်ရဲကြလို့ နည်းနည်းချင်းဝယ်စု နေတဲ့သဘောပါ။ဒါပေမယ့် အရပ်သားပစ်မှတ်တွေကို ဒီလိုကြီးပစ်မယ်လို့လည်း ဘယ်လိုမှမထင်ရဘူးလေ။မပစ်ဘူးလို့ ထင်ကြတာပေါ့ဗျာ။ပြည်သူတွေကတော့ ဒီလေယာဥ်ကြီးနဲ့ ဒီဗုံးကြီးတွေ သူတို့ကို ပစ်မယ်လို့ ဘယ်လိုမှကို သူတို့ မ မျှော်လင့်ခဲ့ကြဘူးပေါ့ဗျာ။ဒါကြောင့်လည်း အထိအခိုက်ပိုများသွားတယ်လို့ ယူဆရမှာပေါ့” မြေပြင်ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူက ပြောပါတယ်။
ဒါ့အပြင် မတ်လ ၁ ရက် ညနက်ပိုင်းကလည်း စစ်ကိုင်း တိုင်း၊ပင်လည်ဘူးမြို့နယ်ကလိပ်ပုတ် ကျေးရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၉ဦးသေဆုံးပြီး ၁၄ဦး ဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီရဲ့လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၅အတွင်းမှာပဲ အရပ်သားသေဆုံးမှု စုစုပေါင်း ၂,၃၂၆ဦး နဲ့ ဒဏ်ရာရရှိသူ ၄,၁၄၆ဦးရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ထားပါတယ်။






















































