နေ့သစ်/People’s Spring
ပြည်သူတွေစက်သုံးဆီကြောင့် ဗျာများနေရတဲ့အချိန်မှာပဲ စစ်အုပ်စုက ပြည်သူလူထုအတွက် နောက်ထပ် အနှောင့်အယှက်ဖြစ်အောင်ထပ်လုပ်လိုက်ပြန်ပါတယ် ။ မိုဘိုင်းဖုန်းဟန်းဆက်တွေကို မှတ်ပုံတင်ရမယ့် ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR)ကို စတင်အသုံးပြုတော့မယ်လို့အာဏာသိမ်းစစ်တပ်ကမတ် ၅ ရက်မှာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
စစ်ကောင်စီပြောတဲ့ ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR)ဆိုတာ မိုဘိုင်းကွန်ရက်သုံးဆက်သွယ်ရေး စက်ပစ္စည်းများရဲ့ မူရင်းအမှတ်အသား (International Mobile Equipment Identity – IMEI Code) ကို ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် မှာမှတ်ပုံတင်စေပြီးမှနိုင်ငံအတွင်းရှိဆက်သွယ်ရေးကွန်ရက်များနဲ့ ချိတ်ဆက်အသုံးပြုရတဲ့စနစ်ပါ။
IMEI ကုဒ်ဆိုတာ ဂဏန်း ၁၅ လုံးပါပြီး မိုဘိုင်းဖုန်းရဲ့ အမျိုးအစား၊ထုတ်လုပ်တဲ့ Brand ၊မော်ဒယ်နဲ့ ထုတ်လုပ်တဲ့ နိုင်ငံ စတဲ့အချက်အလက်တွေ ပါဝင်ပါတယ်။အခွန်မဆောင်ပဲ တရားမဝင်သွင်းလာတဲ့ ဖုန်းတွေကို သုံးလို့မရအောင် CEIR စနစ်ကထိန်းချုပ်မှာလို့ စစ်တပ်က ဆိုပါတယ်။

Public Service Announcement
စစ်ကောင်စီက ၂၀၂၆ ခုနှစ်၊ မတ်လ ပထမပတ်ကစပြီး ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR)ကို စတင်အသုံးပြုမယ်လို့ ဆိုတယ်။ လက်ရှိသုံးနေတဲ့ဖုန်းတွေကိုတော့ အခွန်ပေးဖို့်လိုဘဲ အလိုအလျောက်ထည့်သွင်း ပေးသွားမယ်လို့ ဆိုပါတယ်။ အလိုအလျောက်စာရင်းထဲပါဖို့ဆိုရင် ကိုယ့်ဖုန်းဟန်းဆက်ထဲကို စစ်တပ်ထိန်းချုပ်မှုအောက်က မိုဘိုင်းဖုန်းအော်ပရေတာတစ်ခုရဲ့ဆင်းကတ်တစ်ခုခု ထည့်ထားရမယ်လို့ ဆိုပါတယ်။
၂၀၂၆ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့ကစပြီး ခွင့်ပြုစာရင်းမှာမရှိတဲ့ မိုဘိုင်းလက်ကိုင်ဖုန်းတွေကို မိုဘိုင်းဆက်သွယ်ရေးကွန်ရက်တွေနဲ့ စတင်ချိတ်ဆက်အသုံးပြုချိန်မှ ရက်ပေါင်း (၃၀) အတွင်းသာ ယာယီအသုံးပြုခွင့် ရရှိမှာဖြစ်ပြီးယင်းကာလအတွင်း ကျသင့်အခွန်နဲ့ ဒဏ်ကြေးတွေ ပေးဆောင်ပြီးမှသာ ဆက်လက်အသုံးပြုခွင့် ရရှိမယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။
စစ်အုပ်စုက အခွန်ကောက်ဖို့ဆိုတာကို အဓိကဦးစားပေးပြောနေပေမယ့် ဒီစနစ်ကြောင့် ပြည်သူတွေရဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးဟာ ပိုပြီး ခြိမ်းခြောက်ခံလာရပြီလို့ နည်းပညာကျွမ်းကျင်သူတွေကပြောပါတယ်။
စစ်တပ်က မိုဘိုင်းလ်ဆင်းကတ်တွေကနေပြည်သူတွေရဲ့အချက်အလက်တွေရယူထားသလို ၊ မိုဘိုင်းအော်ပရေတာတွေကိုလည်း တင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားတာပါ။ ဒါအပြင်PSMSစနစ်နဲ့လည်း ပြည်သူတွေကိုစောင့်ကြည့်ပြီး ဖိနှိပ်မှုတွေစနစ်တကျလုပ်နေတာပါ။Mytel ၊ MPT ၊ ATOM ၊ U9 စတဲ့အော်ပရေတာတွေဟာ စစ်တပ်ကအပြည့်အဝထိန်းချုပ်ထားပါတယ် ။ တယ်လီနောလို နော်ဝေအစိုးရ နောက်ခံ မိုဘိုင်းဖုန်းအော်ပရေတာတောင် စစ်တပ်က သုံးစွဲသူတွေရဲ့အချက်အလက်တွေတောင်းတဲ့အခါပေးခဲ့ရပါတယ်။ စစ်တပ်ထိန်းချုပ်ထားတဲ့ ဖုန်းအော်ပရေတာ ဆိုတာကတော့ စစ်တပ်ဆီ သုံးစွဲတဲ့ပြည်သူတွေအချက်အလက်တွေပေး ၊မပေးဆိုတာ မေးစရာတောင်မလိုတဲ့အခြေအနေပါ ။
စစ်တပ်က တရုတ်နိုင်ငံကရတဲ့ Person Scrutinization and Monitoring System(PSMS) စနစ်ကိုအသုံးပြုပြီး ပြည်သူထောင်နဲ့ ချီပြီး ဖမ်းဆီးထောင်ချခဲ့ပါတယ် ။ စစ်တပ်ကို ဆန်ကျင်တော်လှန်သူတွေ ၊ တော်လှန်ရေးကို ထောက်ပံ့သူတွေ ၊ CDM လုပ်သူတွေကို ကားဂိတ်တွေ ၊ ဟိုတယ်တွေ စတဲ့နေရာတွေနဲ့ ဧည့်စာရင်းစစ်ရင်း PSMS စနစ်အသုံးပြု စောင့်ကြည့်ဖမ်းဆီးနေတာပါ။ အခုနောက်ပိုင်း ဖမ်းဆီးထောင်ချခံရသူ အများစုဟာ Kpay အပိတ်ခံရတာကနေ PSMS စနစ်အသုံးပြုဖမ်းဆီးခံရတာအများစုဖြစ်တယ်လို့ မကြာခင်က ထောင်ကလွတ်လာသူတဦးကပြောပါတယ် ။
ဒီအခြေအနေမှာ စစ်တပ်က CEIR စနစ်ကိုစတင်တော့မှာဖြစ်ပါတယ် ။ ဒါကြောင့် CEIR စနစ်က ပြည်သူတွေရဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးကိုဘယ်လိုခြိမ်းခြောက်နေတာ ၊ဘယ်လိုကြိုတင်ကာကွယ်သင့်တယ်ဆိုတာကို အခုတပါတ်မှာဖြစ်ပါတယ်။
“ အခုက K pay လို အချက်အလက်နဲ့တောင် လိုက် နေအိမ်တွေထဲ ဝင်ဖမ်းနေတာ။အခု မှတ်ပုံတင်ရမယ့် ကိစ္စက ဘာမှန်းလဲ သေချာမသိဘူး။ဆင်းကဒ် တွေကလည်း မှတ်ပုံတင်ထားရတာဆိုတော့ ဖုန်းသုံးရတာတောင် တော်တော်လန့်လာပြီ” လို့ ရန်ကုန်မြို့က အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကသူရဲ့ပူပန်မှုကို ပြောပါတယ်။
မြန်မာအင်တာနက်ပရောဂျက်(MIP) ၊ဒစ်ဂျစ်တယ်အရေးလေ့လာသူ ကိုသစ်ဉာဏ်ကလည်း” စစ်အုပ်စုဟာ ၂၀၂၁ မတိုင်ခင်က စတင်ခဲ့တဲ့ အများပြည်သူအကျိုးစီးပွားအတွက် ရည်ရွယ်ထားတဲ့ ဒစ်ဂျစ်တယ်အဆောက်အအုံတွေကို တလွဲအသုံးပြုနေပါတယ်။ ဒါကြောင့် ၂၀၂၁ ခုနှစ်နောက်ပိုင်းကနေ ဒီနေ့အထိဟာ ဒစ်ဂျစ်တယ်ဖိနှိပ်မှုအမြှင့်ဆုံး၊ အဆိုးဆုံးကာလပါ။ စစ်အုပ်စုဟာ တရုတ်အစိုးရနဲ့နီးကပ်သလို၊ သူ့နည်းပညာကိုသုံးတယ်။ သူ့ပုံစံအတိုင်းလိုက်လုပ်ပါတယ်။ စောင့်ကြည့်ရေးနည်းစနစ်အများစုဟာ တရုတ်အစိုးရအကူအညီကို အများဆုံးယူထားတာဖြစ်ပါတယ်။” လို့ သုံးသပ်ပြောကြားပါတယ် ။
ဒါကြောင့် ကမ္ဘာ့အင်တာနက်လွတ်လပ်ခွင့်/ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်မှာ တရုတ်နိုင်ငံနဲ့တန်းတူအဆိုးဆုံးဖြစ်နေတယ်လို့သူကဆက်ပြောပါတယ်။
စစ်ကောင်စီရဲ့ CEIR စနစ်ဟာ အများပြည်သူကို အစုလိုက်အပြုံလိုက် စောင့်ကြည့်မယ့် ထောက်လှမ်းရေးယန္တရားဖြစ်တယ်လို့ Myanmar Internet Project သတိပေးလိုက်ပါတယ် ။
Myanmar Internet Project ဆိုတာ မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ်အခွင့်အရေး၊ အင်တာနက်လွတ်လပ်ခွင့်နဲ့ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အခြေအနေတွေကို စောင့်ကြည့်လေ့လာပြီး အချက်အလက်ထုတ်ပြန်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
CEIR စနစ်ဟာ ဖုန်းတစ်လုံးချင်းစီရဲ့ မူရင်းအမှတ်အသား (IMEI)ကို အခြေခံကာ အကောင်အထည်ဖော်ခြင်းဖြစ်ပြီး ဒစ်ဂျစ်တယ်လုံခြုံရေးရှုထောင့်ကနေ ကြည့်ပါက စောင့်ကြည့်ရေးယန္တရားတွေကို ဖော်ဆောင်နိုင်တာကို အချက် ၅ ချက်တွေ့ရှိတယ်လို့ Myanmar Internet Project က အသိပေးပါတယ်။
(၁) တည်နေရာ ခြေရာခံနိုင်မှု အန္တရာယ်ကြီးမားလာခြင်း
စစ်ကောင်စီဟာ အီးအိုင်ဒီ(E-ID)လုပ်ငန်းစဉ်အရ နိုင်ငံသားအများစုရဲ့ဇီဝအချက်အလက်များ ရရှိထားပြီးဖြစ်ပါတယ်။ ဆင်းကဒ်မှတ်ပုံတင်ပြုလုပ်ချိန်ကလည်း နိုင်ငံသားများရဲ့ မှတ်ပုံတင်နံပါတ်များနဲ့ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ ယခု IMEI မှတ်ပုံ တင်ပြုလုပ်ချိန်မှာ ဆင်းကဒ်၊ မှတ်ပုံတင်နံပါတ်နဲ့ IMEI တို့ ပေါင်းစပ်မိသွားပြီး ဘယ်သူဘယ်ဝါသုံးစွဲနေတယ်ဆိုတာကိုအတိအကျ သိရှိသွားပါမယ်။
ဖုန်းဆင်းကဒ်တစ်ခုဟာ အနီးရှိ တာဝါတိုင်(၃)ခုနဲ့ အနည်းဆုံး ချိတ်ဆက်နေလေ့ရှိပါတယ်။ ဒါ့ကြောင့် “Triangulation Method”ကိုအသုံးပြုပြီး သုံးစွဲသူရောက်ရှိနေတဲ့ အနီးစပ်ဆုံးနေရာကို ခြေရာခံနိုင်စွမ်း ပိုမိုမြင့်မားလာစေပါတယ်။
(၂) အစုလိုက်အပြုံလိုက် စောင့်ကြည်ဖို့လွယ်ကူလာခြင်း
CEIR အဖြစ်မှ တ်ပုံတင်ထားရတာကြောင့် Metadata တွေကို AI နဲ့ Big Data Analysis တို့ဖြင့် ပေါင်းစပ်ကာ ဘယ်ဖုန်းတွေက ဘယ်နေရာမှာ စုဝေးနေတယ်၊ ပစ်မှတ်ထားခံရသူနဲ့ ဘယ်သူတွေအချိန်မည်မျှကြာအောင် အတူရှိနေခဲ့တယ် စတာတွေကို လွယ်ကူစွာ ထောက်လှမ်းနိုင်မှာဖြစ်ပါတယ်။
(၃) ပစ်မှတ်ထား ပိတ်ဆို့ရန် လွယ်ကူခြင်း
အရင်က SIM ကတ်ကိုသာ ပိတ်နိုင်ပေမဲ့ ဒီစနစ်မှာတော့ IMEI ကို အခြေခံပြီး ပိတ်ပင်မှာဖြစ်တဲ့အတွက် ဖုန်းတစ်လုံးလုံးကို ဆက်သွယ်ရေးကွန်ရက်အတွင်း အသုံးပြု၍ မရအောင် လုပ်ဆောင်နိုင်လာမှာဖြစ်ကြောင်း၊ မှတ်ပုံမတင်ထားတဲ့ ဖုန်းများကိုလည်း ရက် ၃၀ အတွင်း ပိတ်ပင်သွားမယ်လို့ ဆိုပါတယ်။
(၄) မိုဘိုင်းဖုန်းအား ထိန်းချုပ်ဝင်ရောက်ခံရနိုင်ခြေ မြင့်မားခြင်း
ဖုန်းရဲ့ မော်ဒယ်နဲ့ ဟာ့ဒ်ဝဲအမျိုးအစားများကို အလိုအလျောက် သိမ်းဆည်းသွားမှာဖြစ်တဲ့အတွက် ဖုန်းအမျိုးအစားလိုက် ထိုးဖောက်ဝင်ရောက်နိုင်တဲ့(Spyware)များရှိနေပါက အသုံးပြုသူအား အဝေးမှ ပစ်မှတ်ထား စောင့်ကြည့်ခံရနိုင်ခြေ ပိုမိုမြင့်မားလာနိုင်ပါတယ်။
(၅) ဟက်ကာများ၏ ပစ်မှတ် ဖြစ်လာနိုင်ခြင်း
IMEI မှတ်ပုံတင်အချက်အလက်တွေဟာ မှတ်ပုံတင်သပ်သပ်မဟုတ်ဘဲ လူတစ်ဦးချင်းစီ ကိုယ်ရေးအချက်အလက်အ စုအဝေးဖြစ်ရာ သိမ်းဆည်းထားတဲ့ဒေတာဘေစ့်သဖွယ်ဖြစ်တဲ့အတွက် ဟက်ကာတွေကပစ်မှတ်ဖြစ်လာနိုင်ပါတယ်။
လုံခြုံရေးအားနည်းချက်ကြောင့် ဖောက်ထွင်းဝင်ရောက်ခံရပါက ယင်းအချက်အလက်တွေဟာ မှောင်ခိုဈေးကွက်အတွင်း ရောက်ရှိသွားပြီး ငွေကြေးလိမ်လည်မှု(Scams)နဲ့ ကိုယ်ရေးအချက်အလက်ခိုးယူခံရမှုများ ဖြစ်ပေါ်လာနိုင်ပါတယ်လို့MIPကသတိပေးပါတယ်။အခုကာလလို ကျားဖြန့်တွေ များပြားနေတဲ့ကာလမှာ ဒီအချက်အလက်ဟာ စိုးရိမ်စရာအလွန်ကောင်းပါတယ်။
ဒါ့ကြောင့် သုံးစွဲသူများအနေနဲ့ အတတ်နိုင်ဆုံး ကြိုတင် ကာကွယ်မှုတွေလုပ်ဖို့သတိပေးပါတယ်။
မြန်မာအင်တာနက်ပရောဂျက်က ကာကွယ်ဖို့ နည်းလမ်း ၁၀ ခုကိုအကြံပြုပါတယ်။
(၁) ဆင်းကဒ်နဲ့ တိုက်ရိုက်ဖုန်းခေါ်ဆိုမှု၊ စာတိုပေးပို့မှုများကို တတ်နိုင်သမျှ ရှောင်ပါ။ ဝိုင်ဖိုင်(Wifi)မှတစ်ဆင့် Signal ကဲ့သို့ ဝှက်စာစနစ်ပါတဲ့ အပ်ပလီကေးရှင်းများကို အသုံးပြု ဆက်သွယ်ပါ။
(၂) အရေးကြီးတဲ့ အချက်အလက်များ(ဓာတ်ပုံ၊ စာနှင့်အဆက်အသွယ်)ကို မိမိရဲ့ဖုန်းမှာ တိုက်ရိုက်မသိမ်းဘဲ လုံခြုံရေး ကောင်းမွန်တဲ့ Cloud Storage တစ်ခုခုမှာ သိမ်းဆည်းပါ။
(၃) လိုအပ်ချိန်မှာ Airplane Mode အသုံးပြုပြီး တာဝါနဲ့ ယာယီအဆက်သွယ် ဖြတ်တောက်ပါ။ လုံခြုံရေးအရ ပိုမိုစိတ်ချ ရစေဖို့ Aluminium Foil များနဲ့ ထုပ်ပိုး၍သိမ်းပြီး ဖုန်းနှင့်တာဝါတိုင်အကြားအဆက်သွယ် ဖြတ်တောက်ပါ။
(၄) IMEI မှတ်ပုံမတင်ထားတဲ့ မိုဘိုင်းကိရိယာ(Device)တစ်ခုကို ဆင်းကဒ်(Sim Card)ထည့်သွင်းအသုံးပြုခြင်းမရှိဘဲ စိတ်ချရသည့် ဝိုင်ဖိုင်(WIFI)ဖြင့် ချိတ်ဆက်ပြီး အသုံးပြုပါ။
(၅) အက်ပ်(App)များရဲ့ တည်နေရာတောင်းခံမှုနဲ့ “Special permission”ကို မလိုအပ်ပါက ခွင့်မပြုပါနှင့်။
(၆) Two Step Verification(2FA)အသုံးပြုရာမှာ ဆင်းကဒ်(SIM SMS)ကိုမသုံးဘဲ Google Authenticator ကဲသို့ စိတ်ချ ရတဲ့ နည်းလမ်းကို အသုံးပြုပါ။
(၇) IMEI မှတ်ပုံမတင်မီ မိမိဖုန်းအတွင်းမှာရှိတဲ့ အရေးကြီးအချက်အလက်တွေကို လုံခြုံတဲ့နေရာမှာ ပြောင်းလဲသိမ်းဆည်းပြီး ဖုန်းအတွင်း အပြီးဖျက်ပစ်ပါ။ (လက်ရှိအသုံးပြုနေတဲ့ ဖုန်းတွေဟာ အလိုလျောက်မှတ်ပုံတင်ပြုလုပ်သွားမှာဖြစ်လို့ အမြန်ဆုံးဆောင်ရွက်ဖို့လိုအပ်ပါတယ်။)
(၈) Android ဖုန်းများတွင် Encrypt ဖုန်းလုပ်ထားမထား စစ်ဆေးပြီး မပြုလုပ်ထားပါ ပြုလုပ်ပါ။ ဖုန်းအား Lock Screen မဖြစ်မနေပြုလုပ်ပါ။
(၉) လုံခြုံစိတ်ချရသည့် ဗီပီအန်(VPN)များကို အမြဲအသုံးပြုပါ။
(၁၀) မိမိအသုံးပြုတဲ့ “Device”တွေရဲ့ “Operation System-OS ၊ Application တွေကို အမြဲ“Update”ပြုလုပ်ပါ။ Android ဖုန်းတွေအတွက် Play Store ၊ iPhone တွေအတွက်App Storeလို စိတ်ချရတဲ့ နေရာတွေကသာ “Application”တွေကို ထည့် သွင်းဖို့ အကြံပြုတာဖြစ်ပါတယ် ။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေရဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးကို တဖြည်းဖြည်းတင်းကြပ်လာတဟာ အခုအချိန်မှာ အဆုံးအခြေအနေဖြစ်လာပါတယ် ။
“ ဒီကာလဟာ စနစ်တကျဖိနှိပ်ခံရမှု အဆိုးဝါးဆုံးကာလလို့ ကျနော်တို့ သုတေသနတွေအရ မြင်နိုင်ပါတယ်။” လို့ ဒစ်ဂျစ်တယ်အရေးလေ့လာသူ ကိုသစ်ဉာဏ်ကသုံးသပ်ပြောကြားလိုက်ပါတယ် ။ ။
𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴



















































