Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ် KNU ထိန်းချုပ်နယ်မြေက ရွာကို စစ်တပ်လေကြောင်းဗုံးကြဲလို့ ကလေး ၃ဦး အပါအဝင် ၆ဦးသေဆုံး

တနင်္သာရီမြို့နယ်အတွင်း တနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေ အပါအဝင် ၆ ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

(စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများ။ ဓာတ်ပုံ - KNU)

မတ်-၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီမြို့နယ်အတွင်း တနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေ အပါအဝင် ၆ ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

KNU အုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ မြိတ်ထားဝယ်ခရိုင် လယ်မူလား မြို့နယ် တဖီလေးခိုရွာကို စစ်ကောင်စီက ဒီကနေ့ မတ်လ ၉ရက် နေ့လည်မှာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီက ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့လို့ အသက် ၁၁နှစ်အရွယ် ကလေး ၂ဦး၊ ၆နှစ် အရွယ် ကလေး ၁ဦးနဲ့ အမျိုးသား ၃ဦး သေဆုံးကာ အသက် ၁၃ နှစ်အရွယ် ကလေးငယ် ၃ဦး ဒဏ်ရာရခဲ့ကြောင်း KNUက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အခု စစ်ကောင်စီ လေကြောင်းဗုံးကြဲခဲ့တဲ့နေရာဟာ တနင်္သာရီမြို့နယ် အောင်သာ၀ရရွာနဲ့ ကျောက်လုံးကြီး အကြား ရှိတယ်လို့ KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။

“အရင်က အောင်သာ၀ရစခန်းနဲ့နီးတယ်။ အခုလက်ရှိတော့ စကစတွေ မရှိဘူး။ တိုက်ပွဲလည်းမဖြစ်ဘူး။ မှတ်ချက်ပေးချင်တာကတော့ ပြည်သူကို ပစ်မှတ်ထားပြီး လုပ်ဆောင်တာပဲဖြစ်တယ်။ အဲဒီနယ်မြေတွေက ကျနော်တို့ လုံး၀ ထိန်းချုပ်ထားတဲ့နယ်မြေဖြစ်တယ်။” လို့ KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။

အောင်သာ၀ရတပ်စခန်းမှာ ယခင်က စစ်ကောင်စီတပ်ရှိပေမယ့် ၂၀၂၄ နောက်ပိုင်း KNU က သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီဟာ ၎င်းတို့ အုပ်ချုပ်ရေးယန္တရားလစ်ဟာတဲ့နေရာတွေက ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်တယ်လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။

” အဲဒီနယ်မြေက အရင်ကတည်းက စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက် မရောက်တဲ့နယ်မြေတွေဖြစ်တယ်။ အုပ်ချုပ်မှု မရောက်ပေမယ့် သူတို့ တပ်စခန်းလာချတယ်။ ၉၇မှာ။ အရင်ကတည်းက စကစ အုပ်ချုပ်ရေး ယန္တရား တခါမှ မရောက်တဲ့နေရာဖြစ်တယ်။” လို့ သတင်းရင်းမြစ်က ဒေသ အခြေအနေကို ပြောပြပါတယ်။

စစ်ကောင်စီဟာ KNU ထိန်းချုပ်နယ်မြေ အသီးသီးမှာ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတာဖြစ်ပါတယ်။

မတ်လ ပထမပတ်မှာပဲ KNU တပ်မဟာ(၃) ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီက အရပ်သား ပြည်သူ ၃၀ ကျော် အစုလိုက် အပြုံလိုက် သေဆုံးစေခဲ့တဲ့ တိုက်ခိုက်သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း KNUနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့က ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ (၄)နယ်မြေအတွင်း ကျေးရွာတခုရှိ ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုရားကျောင်းမှာ ကျမ်းစာသင်တန်းနဲ့ ဂီတသင်တန်းတက်နေတဲ့ ကလေးငယ်များစွာ သေဆုံးထိခိုက်ခဲ့ရာ ဒဏ်ရာရသူတွေဟာ ပြင်းထန်လို့ ထပ်မံသေဆုံးမှုရှိခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တနင်္သာရီမြို့နယ်က တကူကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်အပါအဝင် ၄ဦး သေဆုံးပြီး ၁၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိူးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်မြေ ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှိနေသော်လည်း ကျောင်းသားကျောင်းသူများ၏ စာမေးပွဲဖြေဆိုပြီးစီးပြီဖြစ်ကြောင်း KNUဗဟိုက ယနေ့ထုတ်ပြန်သည်။

သတင်း

တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအနှံ့အပြားတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား နှစ်ဘက်တိုက်ပွဲများပြင်းထန်နေ၍ ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)က အသိပေးထုတ်ပြန်သည်။