မတ်-၁၉ ၊၂၀၂၆။မိုမို/People’s Spring
မကွေးတိုင်း၊သရက်မြို့နယ်အခြေစိုက် အမှတ် (၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၂)က ထွက်လာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ရာထိခိုက်သေဆုံးမှုတွေရှိတာကြောင့် ပြန်ဆုတ်သွားတယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် – USBAက ကိုဗဟိန်းက ပြောပါတယ်။
မနေ့က(မတ်လ ၁၈ရက်) မနက် ၁၀နာရီဝန်းကျင်မှာ ကပစ (၁၂)ကထွက်လာတဲ့ သံပြာကာကားတွေနဲ့ ခြေလျင်စစ်ကြောင်း ပေါင်းစပ်ထားတဲ့ စုစုပေါင်း အင်အား ၇၀နီးပါး ပါတဲ့ စစ်ကြောင်းကို မင်းတုန်းမြို့နယ် ခုန်တိုင်ကျေးရွာအနီးမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီစစ်အုပ်စုစစ်ကြောင်းက မင်းတုန်းမြို့နယ်၊ကျောက်တိုင်ကျေးရွာမှာရှိတဲ့ စစ်တပ်ဂိတ်စခန်းဦးတည်ပြီး တပ်ချိန်းဖို့ထွက်လာတာလို့ ဆိုပါတယ်။

Public Service Announcement
“ကျောက်တိုင်ရွာမှာ စစ်တပ်အထိုင်ချထားတာ နှစ် နှစ်နီးပါးရှိပါပြီ။ ကပစ-၁၂ နဲ့က ကီလို ၇၀ လောက်ဝေးတယ်”လို့ ကိုဗဟိန်းက ပြောပါတယ်။
၁၀မိနစ်ဝန်းကျင်ကြာတဲ့ မနေ့ကတိုက်ပွဲမှာ စစ်တပ်က နှစ်ဦးသေပြီးတစ်ဦးအပြင်း အထန် ဒဏ်ရာရလို့ ကပစ(၁၂)ကို ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။
ပုသိမ်-မုံရွာလမ်းပိုင်းပေါ်မှာရှိတဲ့ ကျောက်တိုင် ကျေးရွာဟာ စစ်ရေးအရ အရေးပါတဲ့အတွက် စစ်တပ်က အင်အားပြည့် အခိုင်အမာစခန်းချထားတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အခု မတ်လ ၁၅ ရက်နဲ့ ၁၂ ရက်မှာလည်း ဆင်ပေါင်ဝဲနဲ့ အထက်မင်းလှမြို့နယ်တွေမှာ စစ်တပ်စစ်ကြောင်းနဲ့ ယာဥ်တန်းကို တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သားတချို့ ထိခိုက်သေဆုံးတယ်လို့ USBA က ထုတ်ပြန်ထားပါတယ်။
သရက်ခရိုင်ထဲက သရက်၊မင်းတုန်း၊ဆင်ပေါင်ဝဲ၊အောင်လံ၊ကံမ နဲ့ အထက်မင်းလှ မြို့နယ်တွေမှာ စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ ခုနှစ်ခုထိရှိပါတယ်။


















































