ဧပြီ ၆၊၂၀၂၆။ သုည/People’s Spring
စစ်ကိုင်းတိုင်းက ယင်းမာပင်၊ ရွှေဘိုနဲ့ အရာတော်မြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဒီကနေ့ (ဧပြီ ၆)မှာ ပြုလုပ်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မှာ တော်လှန်ပြည်သူတွေနဲ့အတူ ရွှေဥက္ကံလူထုသပိတ်စစ်ကြောင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။
တော်လှန်ပြည်သူတွေက “အဓမ္မကို အမြစ်ဖြတ်တော်လှန် လမ်းမပေါ်က ရွှေဥက္ကံ လူထုသပိတ် စစ်ကြောင်း” နဲ့ “ငါတို့မဲမပေးခဲ့ဘူး” ဆိုတဲ့ စာသားတွေ ကိုင်ဆွဲပြီးတော့ ချီတက်လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

Public Service Announcement
အရာတော်မြို့နယ်မှာလည်း မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ပြည်သူ့အခြေပြုကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နဲ့ ဒေသတွင်းရှိလက်နက်ကိုင်တော်လှန်ရေးအင်အားစုတရပ်တို့ ပူးပေါင်းပြီး လေကြောင်း၊ မိုင်းနဲ့လက်နက်ကြီးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနဲ့ သရုပ်ပြခြင်း ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် ရွှေဘိုမြို့နယ်မှာလည်း သပိတ်အင်အားစုက ဦးဆောင်ပြီး ရဲဘော်တွေနဲ့ ကျောင်းသား/သူ လူငယ်တွေ စုပေါင်းပြီး အပတ်စဉ် အလှည့်ကျ စာဖတ်ခြင်း၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ အာဏာရှင်အကြောင်း ဆွေးနွေးခြင်းတွေ လုပ်ဆောင်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမတည်ငြိမ်တဲ့ကြားထဲကနေပဲ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ အရာတော်လူထုသပိတ်၊ ရွှေဘိုသပိတ်




















































