ဧပြီ-၇၊၂၀၂၆။ရောင်နီ/People’s Spring
စက်သုံးဆီဈေးနဲ့အပြိုင် အဝေးပြေးကားလက်မှတ်ခတွေ ဈေးတက်နေပေမယ့် သင်္ကြန်ပိတ်ရက်စတင်မယ့် ဧပြီ ၁၁ရက်အထိ လက်မှတ်တွေ မရတော့ဘူးလို့ ယာဉ်လိုင်းတွေက ပြောပါတယ်။
သင်္ကြန်ကာလဆိုရင် ယာဉ်လိုင်းတွေ ဈေးတတ်လေ့ရှိပြီး ဒီနှစ်မှာ စက်သုံးဆီဈေးတွေ မြင့်တက်နေတာကြောင့် ကားခတွေ အဆမတန်မြင့်တက်နေတာပါ။
လက်ရှိမှာ ရန်ကုန်-မန္တလေး ခရီးစဉ်တစ်ကြောင်း အတွက် အထူးကားက ကိုးသောင်းကိုးထောင်ကျပ် ၊ ရိုးရိုးကားက ရှစ်သောင်းကျပ် နဲ့ ရောင်းချနေတာပါ။

Public Service Announcement
ဒီဈေးနှုန်းတွေက စက်သုံးဆီဈေးတွေ မတက်ခင်အချိန်နဲ့ယှဉ်ရင် နှစ်ဆကျော်တက်လာတာပါ။ စက်သုံးဆီဈေးတွေ မတက်ခင် မတ်လဆန်းအထိ ရန်ကုန်-မန္တလေး ကားခက သုံးသောင်း နဲ့ လေးသောင်းဝန်းကျင်ပဲရှိခဲ့တာပါ။
“အရင်က ဧရာဝတီကိုသွားတဲ့ အိမ်စီးကားလေး တွေ ကတစ်သောင်းခွဲ ၊ အခုက လေးသောင်းခွဲတဲ့။ ဒါတောင်လက်မှတ်မရှိတော့ဘူး” လို့ ပုသိမ်မြို့မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
ရန်ကုန်-ပြည် ကားခတွေလည်း ခရီးစဉ်တစ်ကြောင်းကို ငါးသောင်းကျပ်သတ်မှတ်ထားတယ်လို့ အဝေးပြေးယာဉ်လိုင်းတစ်ခုက ပြောပါတယ်။ ဒီခရီးစဉ်ကလည်း အရင်ကဆို ကျပ် တစ်သောင်းခွဲပဲကျသင့်တာပါ။
အဝေးပြေးကားခတွေ မြင့်တက်လာရတာက အရှေ့အလယ်ပိုင်း က တိုက်ပွဲတွေကြောင့် စက်သုံးဆီဈေးတွေ အဆမတန်မြင့်တက်လာတာကြောင့်လို့ ယာဉ်လိုင်းတွေက ဆိုပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ စီမံခန့်ခွဲမှု အလွဲအမှားတွေကြောင့် အဝေးပြေးယာဉ်လိုင်းတွေက ဆီအလုံအလောက်မရရှိတာတွေကြုံရတယ်လို့လည်း ဆိုပါတယ်။
အရင်နှစ်တွေက သင်္ကြန်အကြိုကာလ အိမ်ပြန်သူတွေများရင် အဝေးပြေးယာဉ်လိုင်းတွေက ယာဉ်အစီးရေ တိုးချဲ့ပြေးဆွဲတာမျိုးတွေ ရှိပေမယ့် ဒီနှစ်တော့ အဲဒီလိုအခြေအနေမတွေ့ရပါဘူး။
အရင်နှစ်တွေဆိုရင် ပိတ်ရက်ရှည်ကာလတိုင်း ပြည်သူတွေက မှောင်ခိုလက်မှတ်တွေကို ဈေးကြီးပေးဝယ်ယူပြီး ပြန်ကြရတာပါ။
ဒီနှစ်တော့ ပုံမှန်လက်မှတ်ခတွေက ဈေးကြီးနေတာကြောင့် မှောင်ခိုလက်မှတ်ရောင်းချသူတွေကို မတွေ့ရသလောက်နည်းနေပါတယ်။
“တချို့ဝန်ထမ်းတွေဆို ကားခကတင် သူတို့လစာလောက်ဖြစ်နေတော့ ဘယ်ပြန်နိုင်ကြမလဲ” လို့ ပြည်သူတစ်ဦးကဆိုပါတယ်။


















































