ဧပြီ-၁၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ ဧပြီ ၁၁ရက်ကထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PDF မြိတ်ခရိုင် အမှတ်(၂) တပ်ရင်းက ဒီကနေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ဧပြီ ၁၁ရက် မွန်းလွဲပိုင်းက တနင်္သာရီမြို့နယ် ၆မိုင်ရွာအနီးမှာ မြိတ်ခရိုင် တပ်ရင်း(၂)နဲ့ တပ်ရင်း(၃) ရဲဘော်တွေနဲ့ စစ်ကောင်စီတပ်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ PDF မြိတ်ခရိုင် တပ်ရင်း(၃)က ရဲဘော် ၁ဦး ကျဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီတိုက်ပွဲက ပြန်ဆုတ်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတပ်တို့ ၅မိုင်ရွာ နှစ်ရှည်ရုံးအနီး ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဦးသေဆုံးပြီး ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးထားပါတယ်။

Public Service Announcement
အခု တိုက်ပွဲဖြစ်ပွားတဲ့ ၆မိုင်ကျေးရွာ အနီးဝန်းကျင်မှာ အရင်ကလည်း PDFတပ်တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
မတ်လ ပထမပတ်က ၆မိုင်ရွာဘုန်းကြီးကျောင်းက စစ်ကောင်စီတပ်နဲ့ PDF တွေ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီ ဘက်က အရာရှိ အပါအဝင်သေဆုံးထိခိုက်မှုတွေရှိခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီထံက လက်နက် ၂လက် သိမ်းရခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း(၂)က ထုတ်ပြန်ထားပြီးတော်လှန်ရေးရဲဘော်အချို့ဒဏ်ရာရခဲ့ဟု အသိပေးထားပါတယ်။
ဒေသတွင်း စစ်ရေးအခြေအနေတွေ မေးမြန်းဖို့ မြိတ်ခရိုင် အမှတ်(၂)တပ်ရင်းထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။


















































