ဧပြီ-၁၃၊၂၀၂၆။ထားမြတ်/People’s Spring
မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းလိုက်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအတွက် အခွင့်အရေး တခုဖြစ်ခဲ့ကြောင်းအာရက္ခတပ်တော်(AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောကြားလိုက်ပြီး အခွင့်အရေးကို အကျိုးရှိရှိ အသုံးချဖို့ စစ်အင်အား တောင့်တင်းအောင်လုပ်ဆောင်ဖို့ဒီကနေ့တိုက်တွန်းလိုက်ပါတယ်။
ဧပြီ ၁၃ရက်မျာ ကျရောက်တဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) တည်ထောင်ခြင်း ၅နှစ်ပြည့်အခမ်းအနားမှာ AA ဒုစစ်ဦးစီးချုပ်က AAတပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုယ်စား အမှာစကား ပြောကြားခဲ့ရာ အခုလို တိုက်တွန်းခဲ့တာပါ။
“ဒီဖက်ဆစ်အကြမ်းဖက်စစ်တပ်အနေနဲ့ အာဏာသိမ်းခဲ့တာကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အချက် တခုလည်း ဖြစ်ခဲ့ပါတယ်။ အခွင့်အရေးတခုလည်းဖြစ်ခဲ့ပါတယ်ဒီ ၅နှစ် အာဏာသိမ်းတဲ့ဟာ”လို့ ULA/AA ရဲ့ ဒုတိယဥက္ကဌဒေါက်တာညိုထွန်းအောင်က ပြောပါတယ်။

Public Service Announcement
ဒီလိုမျိုးအခွင့်အရေးရတဲ့အချိန်မှာဒီအခွင့်အရေးတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ ကိုယ့်ရဲ့စုဖွဲ့မှုတွေကိုပိုကျစ်ကျစ်လစ်လစ်စုစုစည်းစည်းနဲ့ ယုံကြည်မှု အပြည့် အားမာန်အပြည် ခွန်အားအပြည့် ၊ လုံ့လဝိရိယ အပြည့်နဲ့ အလုပ်လုပ်မယ်ဆိုရင် ကိုယ့်ရဲ့ ပြင်းထန်တဲ့ သံန္နိဋ္ဌာန်ကို ဘယ်သူကမှ တားဆီးလို့ရနိုင်မှာ မဟုတ်ဘူးလို့ ဒေါက်
တာညိုထွန်းအောင်က ပြောပါတယ်။
“အဲဒါကြောင့် လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေကို လုပ်သင့်လုပ်ထိုက်တဲ့အချိန်မှာကျနော်တို့ အားလုံး၀ိုင်းပြီး လုပ်လို့ရတဲ့ အလုပ်တွေကို ၀ိုင်းလုပ်သလို တယောက်ချင်းစီ တဖွဲ့ချင်းစီ နဲ့ လုပ်လို့ရတာတွေလည်းဆက်လို့ လုပ်ကြပါလို့ အားပေးစကား ပြောလိုပါတယ်” လို့ ဒေါက်တာညိုထွန်းအောင်က ပြောပါတယ်။
၂၀၂၃ နှစ်ကုန်ပိုင်းကဖော်ဆောင်ခဲ့တဲ့ ရှမ်းမြောက်စစ်ဆင်ရေး အပါအဝင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ထိုးစစ်ကြီးတွေကို လုပ်ခဲ့ကြရာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ အခြေအနေတွေကိုလည်း အခုလို ပြေပြပါတယ်။
“ဒါဟာလည်း နွေဦးတော်လှန်ရေးနဲ့အတူတူ ပေါ်လာတဲ့ အခွင့်အရေးကို ကျနော်တို့ ERO တွေက အမိအရနဲ့ ရယူနိုင်ခဲ့တဲ့အတွက်ကြောင့် တော်လှန်
ရေးအောင်ပွဲ အသီးအပွင့်တွေကို တဖွဲ့ချင်းသာမက သူနဲ့ သက်ဆိုင်တဲ့ ဆက်စပ်တဲ့သူတွေအားလုံးလည်း သူ့အတိုင်းအတာနဲ့ သူ အောင်မြင်မှုရရှိခဲ့ပါတယ်။ဒီအောင်မြင်မှုတွေအပြင်အားလုံးမျှော်မှန်းထားတဲ့တော်လှန်နယ်မြေကလူတွေအားလုံး မျှော်မှန်းထားတဲ့ မျှော်မှန်းချက်တွေရောက်ဖို့အတွက်ကတော့ ဆက်လက်ကြိုးစားရပါအုံးမယ်” လို့ AA ဒုစစ်ဦးစီးချုပ်က ပြောပါတယ်။
လက်ရှိ အခွင့်အရေးမျိုး၊ ဗမာစစ်တပ်ကိုဗမာက တော်လှန်တဲ့ပုံစံ အရင်က သိပ်မရှိခဲ့ကြောင်း၊ အခုအခါ စစ်အာဏာရှင်ကို တော်လှန်တဲ့ အဖွဲ့အစည်းတွေလည်းထပ်ပြီးမှ ပေါ်လာတဲ့အတွက် ဒါဟာ ကောင်းတဲ လက္ခဏာတခု ဖြစ်ကြောင်း ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောပါတယ်။
“ကျနော်တို့အမြင်မှာဆိုရင်ဒါနှစ်ပေါင်း ၁၀၀ လောက်မှာမှ တခါလောက်ပေါ်တဲ့ အခွင့်အရေးဆိုတော့ ဒီအခွင့်အရေးကို အကောင်ဆုံးနဲ့ အကျိုးရှိရှိ အသုံးချနိုင်ဖို့ လည်း လိုပါတယ်။ဒီဟာကိုလည်း ကျနော်တို့ ICNCC မှာက ခေါင်းဆောင်ကြီးတွေလည်း သိပြီးသားဆိုပေမယ့် ကျနော့်အနေနဲ့ ဒီနေရာမှာ ထပ်ပြီးမှ ထပ်လို့ အသိပေးရင်းနဲ့ လက်ရှိ အခွင့်အရေးတွေကို အကျိုးရှိရှိ နဲ့ အသုံးချပြီးမှ ဆက်လို့ကြိုးစားကြမယ်ဆိုတဲ့ဟာမျိုးကို ပြောလိုပါတယ်။” လို့ AA ဒုစစ်ဦးစီးချုပ်က ပြောပါတယ်။
ဒီလိုကြိုးစားချိန်မှာအချင်းချင်းကြားသဘောထားကြီးမြတ်မှုတွေ မြေပြင် ပကတိ အခြေအနေမှန်တွေ သိရှိနားလည်အောင်တွက်ဆတာ၊ စည်းလုံးညီညွတ်တာ ၊ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ ပြည့်စုံနေအောင်လုပ် ဆောင်တာတွေလိုအပ်ကြောင်းလည်း ပြောပါတယ်။
ကမ္ဘာမှာရော မြန်မာမှာရော စစ်အင်အားသည်သာလျင် အရာရာဖြစ်ပြီး ခွန်အားကြီးတဲ့သူကသာ အောင်နိုင်တယ်ဆိုတဲ့သဘောထားရှိနေလို့ ချင်းဆို ချင်းနဲ့ သက်ဆိုင်တဲ့ ချင်းကာကွယ်ရေးတပ်တွေ အပါအဝင် ချင်းနဲ့ သက်ဆိုင်တဲ့ စစ်အင်အားတွေ ကိုလည်း ပိုလို့အားကောင်းအောင် လုပ်ကြရန် AA ဒုစစ်ဦးစီးချုပ်က တိုက်တွန်းပါတယ်။
စစ်အင်အားလက်နက်သာလွန်တဲ့သူကသာလျင်ပိုနေရာရနိုင်တယ် ကိုယ့်လူမျိုးကိုကာကွယ်နိုင်တယ် ကိုယ့်တိုင်းပြည်ကို ကာကွယ်နိုင်တယ်ဆိုတာ မျက်
ဝါးထင်ထင် မြင်နေရတာဖြစ်လို့ကိုယ့်ဒေသ ကိုယ့်ပြည်သူကို ကာကွယ်ဖို့ ပိုအားကောင်းတဲ့ စစ်ဘက်ဆိုင်ရာ ပြင်ဆင်မှုတွေ စုဖွဲ့မှုတွေ စနစ်ကျတဲ့ အဖွဲ့အစည်းတွေဖြစ်ဖို့ ကြိုးစားကြဖို့လည်း ဒေါက်တာညိုထွန်းအောင်က ပြောပါတယ်။
ချင်းအမျိုးသားတွေဟာ နိုင်ငံရေးကိုယ်ခံအားနဲ့ နိုင်ငံရေးဘက်မှာ အားသာတာ သတိထားမိပေမယ့်စစ်ရေးဘက်မှာအားနည်းနေတာတွေ့ရကြောင်းပြောပါတယ်။အရင်ကအားနည်းချက်တွေကို ICNCC အပါအဝင် ချင်းအမျိုးသားတွေကို ကိုယ်စားပြုနေတဲ့သူတွေအနေနဲ့ ပိုအားကောင်းအောင် အင်အားတောင့်အောင် ဆက်လက် လုပ်ကြဖို့ အဖိနှိပ်ခံ ဘ၀တူ အိမ်နီးနားချင်းညီအကိုအနေနဲ့ ULA/AA အနေနဲ့ အပြုသဘောဆောင်စွာ ထောက်ပြလိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။
နွေဦးတော်လှန်ရေးမှာ ပေါ်လာတဲ့ အဖွဲ့တွေများစွာရှိပြီး အားသာချက်တွေများစွာရှိသလိုအားနည်းချက်များလည်းရှိကြောင်း အားနည်းချက်များကို အချိန်တိုအတွင်း အချိန်မီ ပြုပြင်နိုင်ဖို့ လိုအပ်ကြောင်း ဒေါက်တာညိုထွန်းအောင်က ပြောပါတယ်။
“ကျနော်တို့လက်ရှိရနေတဲ့အခွင့်အရေးဟာ နောက်ထပ် ဘယ်လောက်ဆက်ပြီးမှ ရနိုင်မလဲ။ အထူးသဖြင့် တဖက်က ကိုယ့်ရဲ့ ဘုံရန်သူဘက်က သူတို့ အနေနဲ့ ကျနော်တို့ရရှိထားတဲ့အခွင့်အရေးကိုဆက်လို့ မပေးဖို့ အတွက် ကြိုးစားနေတယ်ဆိုတဲ့ဟာမျိုးကို အားလုံးသိပြီးသားဖြစ်ပါတယ်”လို့ ဒေါက်တာ ညိုထွန်းအောင်က ပြောပါတယ်။
လက်ရှိရနေတဲ့အခွင့်အရေးဟာနည်းနည်းလာတာဖြစ်လို့ ရတဲ့ အချိန်ကာလမှာ အင်တိုက်အားတိုက်နဲ့ ဆတိုး ကြိုးစားပြီး အားနည်းချက်တွေ အချိန်မီ ပြုပြင်ဖို့ ခွန်အားအပြည့်နဲ့ ကြိုးစားဖို့လည်း AA ဒုစစ်ဦးစီးချုပ်က တိုက်တွန်းပါတယ်။
AA အနေနဲ့ ၂၀၂၃ နိုဝင်ဘာ ရက္ခိုင်ဒေသ စစ်ဆင်ရေးဖော်ဆောင်ခဲ့ရာ ရက္ခိုင်ပြည်နယ် မြို့နယ် ၁၇ခုအနက် ၁၄မြို့နယ်နဲ့ချင်းပြည်နယ်က ပလက်ဝမြို့နယ်တို့ကိုသိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီး ကျောက်ဖြူ၊ စစ်တွေ၊ မာန်အောင် သုံးမြို့ပဲသိမ်းပိုက်နိုင်ရန် ကျန်နေတာဖြစ်ပါတယ်။ အဲဒီမြို့နယ်တွေသိမ်းနိုင်ဖို့လည်း AAက ဆက်လက်ထိုးစစ်ဆင်နေပြီး ၂၀၂၇ နှစ်မကုန်မီ လက်ကျန်နယ်မြေအားလုံး သိမ်းပိုက်နိုင်ရေး ဆောင်ရွက်မယ်လို့ AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြီးခဲ့တဲ့ ရက်ပိုင်း ဧပြီ ၁၀ရက် AA တပ်မွေးနေ့မှာ ပြောကြားထားပါတယ်။


















































