ဧပြီ၂၀၊၂၀၂၆။ဇော်ရမ်း/People’s Spring
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့ ဆိပ်ကမ်းမှာ ဆီတင်သင်္ဘောတစ်စင်း မီးလောင်ရာကနေ လူအချို့ ထိခိုက်သေဆုံးပြီး ဆိပ်ကမ်းက စက်လှေတွေနဲ့သင်္ဘောတွေကိုပါ မီးကူးစက်လောင်ကျွမ်းနေပါတယ်။
ဒီနေ့ (ဧပြီ ၂၀ရက်)ညနေပိုင်းက ဟုမ္မလင်းမြို့ ဆိပ်ကမ်းမှာရပ်ထားတဲ့ သင်္ဘောဝမ်းဗိုက်က စက်သုံးဆီတွေကို ပေပါတွေထဲ ထည့်နေစဉ်မှာ မီးလောင်တာဖြစ်ပြီး သတင်းရေးသားချိန် ည ၈နာရီခွဲအထိ မငြိမ်းသေးဘူးလို့ သိရပါတယ်။
” ဖလက်(ဆီတင်သင်္ဘော)က မီးလောင်ပြီးချင်းတွင်းမြစ်ထဲမှာ မျောနေတယ်။ ဆိပ်ကမ်းက စက်လှေတွေနဲ့သင်္ဘောအချို့လည်း မီးကူးပြီးလောင်တယ်။ လူတွေလည်းထိခိုက်သေဆုံးမှုရှိပြီးအသေးစိတ်မသိရသေးဘူး။ ဖလက်က ပုဂ္ဂလိကပိုင်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
မီးလောင်နေတဲ့သင်္ဘောဟာ ချင်းတွင်းမြစ်ထဲမှာမျောနေပြီး ဆီပေပါတွေ ပေါက်ကွဲပြီးကမ်းပေါ်ကိုလွင့်လာမယ့်အန္တရာယ်ကို စောင့်ကြည့်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ လူသေဆုံးမှုနဲ့ထိခိုက် ပျက်စီးမှုအခြေအနေကို အသေးစိတ်မသိရသေးပါဘူး။
ပြီးခဲ့တဲ့မတ်လတုန်းကလည်း ဟုမ္မလင်းမြို့ ဆိပ်ကမ်းမှာ ဆီတင်စက်လှေနှစ်စီး မီးလောင်ခဲ့ပြီးလူခြောက်ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။






















































