ဧပြီ-၂၇၊ ၂၀၂၆။ ဇော်ရမ်း/People’s Spring
ကရင်နီပြည်နယ်အပါအဝင် ဒေသခုနစ်ခုမှာ နေ့အပူချိန်တွေ ဆက်လက်မြင့်တက်နိုင်ပြီး လေပြင်း ဘေးအန္တရာယ်ကိုလည်း သတိပြုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOHADM)က သတိပေးပါတယ်။
ဧပြီလနှောင်းပိုင်းကနေ မေလဆန်းကာလအထိ မိုးလေဝသသတိပေးချက်ကို ဒီနေ့ ဧပြီ ၂၇ရက်မှာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
မကွေးတိုင်း၊ ဧရာ၀တီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေ့အပူချိန် ပုံမှန်ထက် မြင့်တက်နိုင်တယ်လို့ သတိပေးထားပါတယ်။

Public Service Announcement
ကရင်နီပြည်နယ်နဲ့ မကွေးတိုင်းမှာ သောက်သုံးရေရှားပါးတဲ့အခြေအနေ ရင်ဆိုင်နေရပြီး ဒေသခံတွေအတွက် အကူအညီလိုအပ်နေပါတယ်။ အပူချိန်ဆက်လက်မြင့်တက်နိုင်တဲ့အခြေအနေကြောင့် သောက်သုံးရေအခက်အခဲပိုမိုကြုံတွေ့ရနိုင်တယ်လို့ ကူညီ ရေးအဖွဲ့တွေက ပြောကြပါတယ်။
သင်္ကြန်ကာလနောက်ပိုင်း ဒေသအများစုမှာ အပူချိန်တွေမြင့်တက်နေသလို မိုးကြီးပြီး လေပြင်းကျတာတွေလည်း ဖြစ်နေပြီး လူထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။
ကချင်နဲ့ ရှမ်းပြည်နယ်က မြို့နယ်အများစုမှာ ဧပြီ ၂၅ရက်က မိုးကြီးပြီး လေပြင်းတိုက်ခတ်လို့ နေအိမ်အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။ ကချင်ပြည်နယ်က ဖားကန့်၊ မြစ်ကြီးနား၊ မိုးကောင်းနဲ့ နမ္မတီးမြို့နယ်၊ ရှမ်းပြည်နယ်က ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ ကွတ်ခိုင်မြို့တွေမှာ ဧပြီ ၂၅ရက်မှာ မိုးသက်လေပြင်းကျတာပါ။
စစ်ဘေးရှောင်စခန်းတွေအပါအဝင် နေအိမ်ထောင်ချီပျက်စီးခဲ့ပြီး ဒေသခံတွေဟာ လုံလောက်တဲ့အကူအညီမရကြဘူးလို့ သိရပါတယ်။
နွေအကုန် မိုးအကူးကာလတွေအတွင်း လေထုအတွင်းအပူချိန်ပြောင်းလဲမှုကြောင့် စိုက်ဆင်းလေပြင်းနဲ့ နေရာကွက်ကာ မိုးကြီးတာ၊ မိုးသီးကြွေကျတာတွေ ဖြစ်တတ်တဲ့အတွက် သတိပြုနေထိုင်ကြဖို့ MOHADMက သတိပေးထားပါတယ်။
ဧပြီနဲ့ မေလအတွင်း ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ရခိုင်ပြည်နယ်မှာ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးကြိုးပစ်ခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။
























































