မေ-၇၊ ၂၀၂၆။ People’s Spring
ဖိလစ်ပိုင်နိုင်ငံ စီဘူးမှာ ကျင်းပပြုလုပ်မယ့် အာဆီယံထိပ်သီးညီလာခံမှာ မြန်မာက လွဲလို့ ကျန်အဖွဲ့ဝင် ၁၀ နိုင်ငံက ခေါင်းဆောင်တွေအားလုံး တက်ရောက်ကြမယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ ပြောရေးဆိုခွင့်ရှိသူက မေလ ၆ ရက် မနေ့က အတည်ပြုခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုအပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အာဆီယံခေါင်းဆောင်တွေနဲ့ အထူးအစည်းအဝေးတစ်ကြိမ်သာ သွားရောက်တက်ခဲ့ဖူးပြီး အဲဒီနောက်ပိုင်း ၅ နှစ်ကျော်ကြာ အာဆီယံထိပ်သီးညီလာခံတက်ရောက်ခွင့် ပိတ်ပင်ခံထားရပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ရွေးကောက်ခံအရပ်သားအစိုးရပုံစံဖမ်းပြီး စစ်တပ်ကြီးစိုးတဲ့ လွှတ်တော်ကနေ သမ္မတရာထူးကို သူ့ကိုယ်သူ ပြန်ခန့်အပ်ပေမယ့် အာဆီယံကတော့ မြန်မာပြည်သူတွေ ရွေးချယ်တင်မြှောက်တဲ့ခေါင်းဆောင်အဖြစ် အသိအမှတ်မပြုသေးသလို ထိပ်သီးညီလာခံတက်ရောက်ခွင့်ကိုပါ ပိတ်ပင်ထားတာဖြစ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တက်ရောက်ခွင့် မပြုတာက အာဆီယံခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်တာဖြစ်တယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ပြောရေးဆိုခွင့်ရှိသူ အင်ပီရီရယ်က ပြောပါတယ်။

Public Service Announcement
“မြန်မာနိုင်ငံအခြေအနေကြောင့် အာဆီယံခေါင်းဆောင်တွေက အခုလို ဆုံးဖြတ်ခဲ့တာပါ။ ထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန်တက်ရောက်ပါလိမ့်မယ်”လို့ သူက ဆက်ပြောပါတယ်။
မေလ ၆ရက် မနေ့ ညနေပိုင်းက ပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအကြို ညစာစားပွဲမှာလည်း အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခွင့်မရခဲ့ဘဲ အမြဲတမ်းအတွင်းဝန်ဦးဟောက်ခမ်းဆုမ် တက်ရောက်တာ တွေ့ရပါတယ်။ ဒီနေ့ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေမှာလည်း စစ်တပ်ခန့် အမြဲတမ်းအတွင်းဝန်ပဲ ကိုယ်စားပြုတက်ရောက်နေပါတယ်။
မနေ့က အစောပိုင်းမှာလည်း အာဆီယံအနေနဲ့ မြန်မာနိုင်ငံက စစ်တပ်ရွေးကောက်ပွဲကို အသိအမှတ်ပြု၊ မပြုနဲ့ပတ်သက်လို့ အဖွဲ့ဝင်နိုင်ငံတွေအကြား ဘုံသဘောတူညီချက် မရရှိသေးဘူးလို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌပြောရေးဆိုခွင့်ရှိသူက ပြောဆိုထားပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ အာဏာသိမ်းစစ်တပ်အနေနဲ့ အာဆီယံကချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ရပ်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှုတွေအပေါ် ဆက်လက် စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်အစိုးရက မနေ့ကပဲ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ပြုဖို့ အာဏာသိမ်း မြန်မာစစ်တပ်ကို တိုက်တွန်း တောင်းဆိုထားပါတယ်။
ကိုးကား – NB၊ GMA News

























































