မေ-၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
တနင်္သာရီတိုင်းစစ်ဌာန၊မြိတ်ခရိုင် PDF တပ်ရင်းတွေထံ စစ်တပ်ရဲ့ ခမရ(၅၆၁)တပ်ရင်းမှ တပ်သားနှစ်ဦး လက်နက်နဲ့ အလင်းဝင်ရောက်ပြီး အဲဒီတပ်ရင်းက PDF တပ်ဖွဲ့တွေဆီ အလင်းဝင်လာတဲ့ တပ်ဖွဲ့ဝင် ၂၀ ကျော်ရှိပြီလို့ မြိတ်ခရိုင်တပ်ရင်း(၂)က ထုတ်ပြန်ပါတယ်။
မတ်လ ၆ရက်မှာ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းအနောက်ကမ်းရွာ အခြေစိုက် ခမရ(၅၆၁)တပ်ရင်းက တပ်သား ၂ဦး အလင်းဝင်ရောက်လာမှု အသိပေးထုတ်ပြန်ရာမှာ ပြီးခဲ့တဲ့ ၅နှစ်ကျော်အတွင်း PDF တွေဆီကို အလင်းဝင်လာတဲ့ ခမရ(၅၆၁)တပ်ရင်းက တပ်သားအရေအတွက်ကို အသိပေးထားတာဖြစ်ပါတယ်။
“နွေဦးတော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်တပ်၏ စကခ (၁၃) လက်အောက်ခံ ခမရ (၅၆၁) မှ အရာရှိအပါအဝင် ရဲဘော်များ (၂၀) ကျော်ခန့်သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းများထံ လာရောက်အလင်းဝင်ခဲ့ပြီဖြစ်ပြီး အလင်းဝင်သူများ၏ပြောဆိုချက်အရ အကြမ်းဖက်စစ်ကော်မရှင်၏ ပြည်သူလူထုအပေါ် မတရားဖမ်းဆီးသတ်ဖြတ်မှုများ၊ အောက်ခြေရဲဘော်များအပေါ် ခွဲခြားဖိနှိပ်အနိုင်ကျင့်ခြင်းများရှိနေ၍ PDF တပ်ရင်းများထံသို့ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်” လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement
ခမရ (၅၆၁)တပ်ရင်း အခြေစိုက် ညောင်ပင်ကွင်းရွာ၊ ခြောက်မိုင်ရွာ၊ ဘန်လောရွာအနီးမှာ စစ်တပ် စစ်ရေးလှုပ်ရှားမှုရှိလို့ တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့အခြေအနေကိုလည်း မြိတ်ခရိုင် တပ်ရင်း(၂)က အသိပေးထားပါတယ်။
ဧပြီလကုန်ပိုင်းနဲ့ မေလမှာ စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှု ရှိနေကြောင်း ဖော်ပြကာ ဧပြီ ၂၉ရက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာခံ ဗိုလ် ၁ဦး သေဆုံးခဲ့တယ်လို့ အသိပေးထားပါတယ်။


















































