မေ-၁၇၊ ၂၀၂၆။ဟာနာဆန်/People’s Spring
မန္တလေးမြို့မှာ စမ်းရေမိုးဇာတ်ပွဲသွားကြည့်တဲ့ အမျိုးသမီးတစ်ဦးရဲ့ကား ပျောက်ဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။
မန္တလေးတိုင်း၊အမရပူရမြို့နယ်၊မြစ်လောင်းကျေးရွာမှာ ကပြနေတဲ့ စမ်းရေမိုးဇာတ်ပွဲကို မေလ ၁၆ ရက်ညက သွားကြည့်ခဲ့တဲ့ အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့Mazda Demio အမျိုးအစားခဲရောင်ကားကို လမ်းဘေးမှာ ရပ်တန့်ထားခဲ့စဥ် ပျောက်ဆုံးသွားခဲ့တာဖြစ်ကြောင်း ဖြစ်စဥ်ကို သိမြင်လိုက်တဲ့ ဒေသခံတွေက ပြောပါတယ်။
“ည ၁၁ ခွဲလောက်သွားကြည့်တော့ ရှိသေးတယ်ပြောတယ်။မနက်၂ချက်ခွဲလောက်ပြန်မယ်ဆိုတော့ ကားကမရှိတော့တာလို့ ပြောတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
မြစ်ငယ် မြစ်လောင်းကျေးရွာက စမ်းရေမိုးပွဲဟာ မေလ ၁၅ ရက်ကနေ စတင်ကပြနေတာဖြစ်ပြီး ဒုတိယညက သွားကြည့်ချိန် ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။ ဖြစ်စဥ်ကို သက်ဆိုင်ရာ တာဝန်ရှိတွေကို အကြောင်းကြားထားပေမဲ့သတင်းမရသေးဘူးလို့ သိရပါတယ်။
အဆိုပါဇာတ်ပွဲဟာ မေလ ၁၉ ရက်အထိ ကပြမှာဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ တိုင်းပြည်သာယာနေသယောင်ပြသဖို့ ဇာတ်သဘင်ဖျော်ဖြေပွဲတွေကို မနှစ်က သီတင်းကျွတ်ကာလက စတင်ကာ ထည့်သွင်းကျင်းပစေခဲ့တာဖြစ်ပါတယ်။
ဇာတ်သဘင်မှာ စမ်းရေမိုး၊ အောင်ဇမ္ဗူတို့က ထိပ်ဆုံးက ဦးဆောင်ကပြနေပြီး အာဏာသိမ်းကာလအစောပိုင်းက စစ်တပ်ကို ဆန္ဒပြခဲ့ဖူးတဲ့ သဘင်အစည်းအရုံး ဥက္ကဌဖိုးချစ်ကိုယ်တိုင်လည်း ဇာတ်ပွဲတွေ ပြန်လည်ကပြနေပြီ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က ဇာတ်သဘင်အပါအဝင် ပျော်ပွဲရွှင်ပွဲတွေကို စစ်တပ်နဲ့ နီးစပ်သူတွေကိုဦးဆောင်ခိုင်းပြီး စစ်တပ်ထိန်းချုပ်ဒေသတွေမှာဆက်တိုက်လုပ်ခိုင်းနေတာဖြစ်ပါတယ် ။


















































