မေ-၂၆၊၂၀၂၆။ဇော်ရမ်း/People’s Spring
ကန်ပက်လက်မြို့ကိုဦးတည်နေတဲ့စစ်တပ် စစ်ကြောင်း အထိနာပြီး ဆုတ်ခွာထွက်ပြေးနေရချိန်မှာ မတူပီမြို့နယ်ထဲကို စစ်တပ်က ဂျက်ဖိုက်တာ၊ Y12တွေနဲ့ တပြိုင်နက်ဗုံးကြဲခဲ့ပြီး ကျန်တဲ့မြို့နယ်တွေကိုလည်း ကင်းထောက်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေကပြောပါတယ်။
မတူပီမြို့နယ်ထဲကိုမေလ၂၆ရက်မနက် ၁၀နာရီခန့်မှာဂျက်ဖိုက်တာ ၇ စီးနဲ့ ၁၅ ကြိမ်ခန့်၊ Y12 ဗုံးကြဲလေယာဥ်နဲ့ ၈ ကြိမ်ခန့် ဗုံးကြဲသွားတာလို့ ချင်းကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာယောဒေသကနေတဆင့် ချင်းပြည်နယ်ကန်ပက်လက်မြို့ကိုမေ ၁၆ ရက်ကစတင်ပြီး စစ်ကြောင်းထိုးဖို့ကြိုးစားခဲ့ပေမယ့် ချင်းတော်လှန်ရေးတပ်တွေနဲ့ မဟာမိတ်တပ်တွေကတိုက်ခိုက်လို့ ပြန်လည်ဆုတ်ခွာထွက်ပြေးနေရပါတယ်။ အဲဒီအချိန်မှာ ချင်းပြည်နယ်ထဲက တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့မြို့နယ်တွေကို စစ်တပ်က ဗုံးကြဲလာတာဖြစ်ပါတယ်။

Public Service Announcement
မတူပီမြို့ကိုဒီနေ့ဗုံးကြဲတဲ့ဖြစ်စဉ်မှာ မြေပြင်ထိခိုက်ပျက်စီးမှုမှုတွေကိုမသိရသေးဘူးလို့ ချင်းတော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။ ဒါအပြင်စစ်တပ်ကမတူပီ၊ ကျင်ဒွေး၊မင်းတပ်မြို့နယ်စပ်တွေကိုလေကြောင်းကနေကင်းထောက်သွားတယ်လို့သိရပါတယ်။
မကွေးတိုင်းထဲကယောဒေသဟာချင်းပြည်နယ်နဲ့ဆက်စပ်နေပါတယ်။အာဏာသိမ်းစစ်တပ်က ဆော-ကန်ပက်လက်လမ်းနဲ့ ကျောက်ထု-မင်းတပ်လမ်းကနေ စစ်ကြောင်းနှစ်ကြောင်းနဲ့ထိုးဖို့ကြိုးပမ်းနေပြီး ကန်ပက်လက်မြို့နယ်စပ်မှာတိုက်ပွဲတွေပြင်းထန်ခဲ့တာပါ။ ကျောက်ထု -မင်းတပ်လမ်းက စစ် ကြောင်းကလည်းမင်းတပ် မြို့ဘက်ကိုဝင်ဖို့ကြံစည်နေပြီး တိုက်ပွဲတွေပြင်းထန်လာနိုင်တယ်လို့ တော်လှန်ရေးတပ်တွေကပြောပါတယ်။
လက်ရှိမှာစစ်ရေးတင်းမာနေလို့ ပြည်သူလူထုအနေနဲ့ လက်နက်ခဲယမ်းအတွက်ထောက်ပို့မှုတွေပြုလုပ်ကြဖို့ချင်းပြည်သူ့တပ်မတော် (Chin People’s Army-CPA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က တောင်းဆိုထားပြီး လေကြောင်းအန္တရာယ်သတိပြုကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
“လက်ရှိအချိန်မှာ ချင်းပြည်တောင်ပိုင်း၊ယောဒေသ နှင့် ပုံတောင်ပုံညာမှာ စကမ အင်အား ၁၀၀၀ ကျော်နဲ့ ကျနော်တို့ စစ်ဆိုင်ထားပါတယ်။ စကမတပ်တွေနဲ့ ကျနော်တို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာ(၁၀)ရက်ဝန်းကျင်ရှိနေပါပြီ။CPU ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ မင်းတပ်၊ မတူပီ၊ ကန်ပက်လက် မြို့တွေက အရပ်ဘက်၊ စစ်ဘက် ပစ်မှတ်တွေကို စကမ အနေနဲ့ မနားတမ်း လေကြောင်းတိုက်ခိုက်မှုလုပ်နေတာတွေကို ကြည့်ရင်လည်း မြေပြင်တိုက်ပွဲတွေ ဘယ်လောက် ပြင်းထန်နေတယ်ဆိုတာ သိနိုင်ပါတယ်။လက်ရှိမှာ အကြမ်းဖက်စကမတွေ ရှေ့ဆက်မတိုးနိုင်အောင်တားထားနိုင်ပေမဲ့လည်း စခတွေ နောက်ထပ် စစ်ကူအင်အား (၁၀၀၀) ကျော် ထပ်မံဖြည့်တင်းဖို့ ပြင်ဆင်နေတာကြောင့် တိုက်ပွဲကာလ ကြာရှည်မဲ့၊ ပြင်းထန်မဲ့သဘော ရှိပါတယ်”လို့ ဆလိုင်းယောမန်က အသိပေးထားပါတယ်။
ဒေသခံပြည်သူလူထုအနေနဲ့ လက်ရှိအချိန်အတောတွင်း လူစုလူဝေးများရှောင်ရှားကာ မိမိတို့နေအိမ်၊ ဈေးဆိုင်များမှာ ဗုံးခိုကျင်း၊ ကတုတ်ကျင်းတွေ အဆင်သင့်ထားရှိပြီး ထောက်လှမ်းရေး ဒရုန်း၊ ကင်းထောက်လေယာဉ်နဲ့လေကြောင်းသတင်းတွေကို အချိန်နှင့်အမျှ နားစွင့်ပြီး လေကြောင်းသတိပြု နေထိုင်ကြဖို့ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က သတိပေးထားပါတယ်။


















































