မေ-၂၇၊၂၀၂၆။မိထက်/People’s Spring
စစ်ကိုင်းတိုင်းအထက်ပိုင်းက မြို့နယ် ၂ခုမှာ မေလ ၂၆ရက် ညပိုင်းက နာရီပိုင်းပဲခြားပြီး ရစ်ခ်တာစကေး ၄ ဒဿမ ၅နဲ့ ၄ ဒဿမ ၃အဆင့် ငလျင်လှုပ်ခတ်သွားပါတယ်။
မော်လိုက်မြို့မှာ ည ၈နာရီ ၃၈မိနစ်က ရစ်ခ်တာစကေး ၄ ဒဿမ၃ အဆင့် ငလျင်လှုပ်ခတ်ခဲ့ပြီး ကလေးဝမြို့မှာ ည ၁၁နာရီခန့်က ရစ်ခ်တာစကေး ၄ ဒဿမ၅ အဆင့် ငလျင်လှုပ်ခဲ့တာပါ။
ငလျင် ၂ကြိမ်စလုံးဟာ မြေအောက်အနက် ၈၅ကီလိုမီတာနဲ့ ၉၀ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး လှုပ်သွားတာဖြစ်ပါတယ်။

Public Service Announcement
စစ်ကိုင်တိုင်းအထက်ပိုင်းဟာ စစ်ကိုင်းပြတ်ရွေ့အထက်ပိုင်းနဲ့ ဆက်စပ်နေသလို ထိုးစိုက်ဇုန် (Subduction Zone)ကြောင့်လည်း ငလျင်လှုပ်နိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။
ထိုးစိုက်ဇုန်ဟာ မြန်မာနိုင်ငံရဲ့ အနောက်ဘက် ရခိုင်ကမ်းရိုးတန်းနဲ့ ကပ္ပလီပင်လယ်ပြင်မှာ အိန္ဒိယမြေထုချပ်နဲ့ မြန်မာမြေထုချပ် ပွတ်တိုက် ပြီး လှုပ်ရှားမှုဖြစ်နေတာပါ။
မြန်မာနိုင်ငံဒေသများအပြားကို သက်ရောက်မှုရှိစေတဲ့ အင်အားပြင်းငလျင်လှုပ်လေ့ရှိတာကြောင့် ပညာရှင်တွေစောင့်ကြည့်နေတဲ့ ပြတ်ရွေ့ဖြစ်ပါတယ်။
ယမန်နေ့ညက အထက်ပါ ငလျင် ၂ကြိမ် အပြင် ည ၇နာရီ၄၈မိနစ်ခန့်မှာ ရန်ကုန်တိုင်းနဲ့ဆက်စပ်နေတဲ့ မြန်မာနိုင်ငံတောင်ဘက်ကမ်းရိုးတန်းအနီး၊ မြေအောက်အနက် ၁၀ကီလိုမီတာခန့်ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၃ဒဿမ၆ ငလျင် လှုပ်ခဲ့ပါတယ်။
ရန်ကုန်တိုင်းနဲ့ဆက်စပ်နေတဲ့ ကမ်းရိုးတန်းဒေသတွေမှာ မေလအတွင်း ငလျင်မကြာခဏလှုပ်ရှားနေပါတယ်။ကွမ်းခြံကုန်းမြို့အနီး မြန်မာ့ကမ်းရိုးတန်းအနီးမှာ မေလ ၂၂ရက်က ရစ်ခ်တာစကေး ၄.၂ အဆင့်ရှိတဲ့ ငလျင်၊ မေလ ၁၈ရက် မနက်ကလည်း ကျောက်တန်းမြို့အနီးမြန်မာ့ကမ်းရိုးတန်းမှာ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၅ဒဿမ၃အဆင့်ငလျင်လှုပ်ခဲ့လို့ ရန်ကုန်မြို့မှာသိသိသာတာခံစားခဲ့ရပါတယ်။
ရန်ကုန်မြို့ဟာ ဒေးဒရဲပြတ်ရွှေ့ကြောင့်ငလျင်လှုပ်ရှားနိုင်သလို ရန်ကုန်မြစ်ဝအနီးရှိ ပြတ်ရွေ့တွေနဲ့ ထိုးစိုက်ဇုန်ကြောင့်လည်း ငလျင်လှုပ်နိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။
ပဲခူးမြို့အနီးက စစ်ကိုင်းပြတ်ရွေ့ရဲ့တောင်ဘက်စွန်းပိုင်းလှုပ်ရှားပါကလည်း ရန်ကုန်မြို့မှာ ငလျင် လှုပ်စေပါတယ်။


















































