ဇွန် ၁၈၊ ၂၀၂၆။ဟာနာဆန်/People’s Spring
ကမ္ဘာ့ဂန္ထဝင်စာပေအများအပြားကို မြန်မာစာဖတ်ပရိသတ်အတွက် ရသမြောက်စွာ ပြန်ဆိုရေးသားခဲ့တဲ့ စာရေးဆရာကြီး တင်မောင်မြင့် ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။
ရန်ကုန်မြို့၊ ပင်လုံဆေးရုံမှာ တက်ရောက်ကုသနေတဲ့ အသက် ၉၀ အရွယ် ဘာသာပြန်စာရေးဆရာကြီး ဆရာတင်မောင်မြင့်ဟာ ဒီကနေ့ ဇွန် ၁၈ ရက် နေ့လယ် ၁၂ နာရီခွဲခန့်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ကြောင်း စာပေအသိုင်းအဝိုင်းက ပြောပါတယ်။
“ပါပါကြီး(ဆရာတင်မောင်မြင့်)က ဆေးရုံတက်နေတာတော့ တစ်လလောက်ရှိပြီ။ ဒီနေ့နေ့ခင်းမှာပဲ ဆုံးပါးသွားတာပါ။”လို့ စာပေလောကသားတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဆရာကြီးဟာ လူကြိုက်များလှတဲ့ မဒမ်ကျူရီ (၂၀၀၁) (သုတ)၊ တောင်ပံမဲ့ သင်းကွဲတေးဆိုငှက် (၂၀၀၄) (ရသ)၊ အနက်ရောင်အိပ်မက်စိမ်းမြမေတ္တာ (၂၀၀၇) (ရသ)၊ မျှော် (၂၀၁၁) (ရသ)၊ ပြစ်မှုနှင့် ပြစ်ဒဏ် (၂၀၁၂) (ရသ)စာအုပ်တွေနဲ့ အမျိုးသားစာပေဆုချီးမြှင့်ခံခဲ့ရပြီး ၂၀၁၈ ခုနှစ်မှာတော့ တစ်သက်တာ အမျိုးသားစာပေဆုပါ ရရှိခဲ့ပါတယ်။
ဆရာကြီးဟာ ဘဝတစ်သက်တာလုံးကို စာဖတ်သူတွေအကျိုးရစေမယ့် ဘာသာပြန်စာပေတွေရေးသားကာ ဖြတ်သန်းခဲ့သူဖြစ်ပြီးဆရာကြီး ကွယ်လွန်သွားတာဟာ မြန်မာစာပေလောကအတွက် သာမက နိုင်ငံအတွက်ပါ ကြီးမားလှတဲ့ ဆုံးရှုံးမှုကြီး ဖြစ်ကြောင်း စာပေလောကသားတွေက ပြောပါတယ်။
ဆရာကြီး ဦးတင်မောင်မြင့်ကို ဧရာဝတီတိုင်း၊ ဟင်္သတခရိုင်၊ စစ်ကျွန်းရွာတွင် အဖဦးမောင်ဒွေး၊ အမိဒေါ်ကျော့စိန်တို့က ၁၉၃၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်မှာ မွေးဖွားခဲ့ပါတယ်။ ရန်ကုန်မြို့၊ ရေကျော် ဦးမောင်မောင်အလွတ်ပညာသင်ကျောင်းကနေ အလယ်တန်းအောင်ပြီး တောင်ကြီးမြို့၊ အစိုးရအထက်တန်းကျောင်း (ယခု အထက-၁) မှ ၁၉၅၈ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းအောင်ခဲ့ပါတယ်။ ၁၉၆၁ ခုနှစ်မှာ ဘီအိုစီကုမ္ပဏီ (ယခု MOGE)မှာ အလုပ်ဝင်ပြီး ၁၉၉၄ ခုနှစ်မှာ ငွေစာရင်းအရာရှိအဖြစ်နဲ့ အငြိမ်းစားယူခဲ့ပါတယ်။
ဆရာကြီးဟာ ၁၉၈၅ မှာ သည်းဦးပန်းမဂ္ဂဇင်း အယ်ဒီတာအဖွဲ့ဝင်၊ ၁၉၈၈ ခုနှစ်မှာ အထောက်တော်လှအောင်ရဲ့ သတင်းမဂ္ဂဇင်းမှာ ဒုတိယ အယ်ဒီတာချုပ် တာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်မှာတော့ နာမည်ရင်းဖြင့် ငွေကျွန် (World Rapers by Jonathan Black) ကို ဆရာမြတ်ငြိမ်းနဲ့ တွဲပြီး ဘာသာပြန်ခဲ့ပါတယ်။ ယနေ့အထိ ဘာသာပြန်စာအုပ်ပေါင်း ၁ဝဝ ကျော် ရေးသားခဲ့ပါတယ်။


















































