Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆင်နွှဲပေးကြသူအားလုံးကို ကျေးဇူးတင်ကြောင်း သားဖြစ်သူ ကိုထိန်လင်း ပြော

ကမ္ဘာသိပုဂ္ဂိုလ်ကို စစ်အုပ်စုဖျောက်ဖျက်ထားဝံ့လို့ သောင်းချီတဲ့ နိုင်ကျဉ်းတွေ အလွန်အန္တရာယ်ကြီးဟု သတိပေး

Screenshot

ဇွန်-၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်မြောက် မွေးနေ့ ဆင်နွှဲပေးကြသူအားလုံးကို ကျေးဇူးတင်ကြောင်း သားဖြစ်သူ ကိုထိန်လင်းက ပြောကြားလိုက်ပါတယ်။

မိခင်ဖြစ်သူလို ကမ္ဘာသိပုဂ္ဂိုလ်တယောက်ကို ဖျောက်ဖျက်ထားဝံ့တဲ့ စစ်အုပ်စုလက်ထဲက သောင်းနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် အလွန်အန္တရာယ် ကြီးနေကြောင်းလည်း သတိပေးပြောကြားပါတယ်။

မနေ့က ဇွန် ၁၉ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ မိခင်ဖြစ်သူကို ဆက်လက်သတိရ ဝန်းရံ ပေးနေရုံသာမက မြန်မာပြည်ရဲ့ ဒီမိုကရေစီနဲ့ တရားမျှတမှုအတွက် အခိုင်အမာရပ်တည်ပေးနေကြတဲ့ အတွက်လည်း ကျေးဇူးတင်ကြောင်း ကိုထိန်လင်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ အကျဉ်းကျခံ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အတွက် အသက်ထင်ရှားရှိမှု သက်သေကိုတောင် ထုတ်ပြဖို့ ငြင်းဆန်နေတဲ့ အတုအယောင်အစိုးရ ဖြစ်ပါတယ်။အာဏာသိမ်း အစိုးရကိုတရားဝင် အစိုးရ အဖြစ် အသိအမှတ်ပြုစရာ မလိုပါဘူး။ဒီစစ်ကောင်စီဟာ ဘာပြစ်ဒဏ်မှ မခံရဘဲ ကျနော့်အမေလို ကမ္ဘာသိပုဂ္ဂိုလ် တယောက်ကိုတောင် လူမသိ သူမသိ ဖျောက်ဖျက်ထားဝံ့တယ်ဆိုရင် မြန်မာပြည်က သောင်းနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက်ဆိုရင် အလွန်အန္တရာယ် ကြီးပါတယ်” လို့ ကိုထိန်လင်းက ပြောကြားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေဟာ ဒီမိုကရေစီအတွက် ရဲရဲဝံ့ဝံ့ ရပ်တည်ခဲ့ကြသူတွေ ဖြစ်ပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် နိုင်ငံတကာရဲ့ စောင့်ကြည့်မှု ဆိုတဲ့ အကာအကွယ်တံတိုင်းလည်း ပြိုလဲ ပျက်စီးသွားပြီဖြစ်တယ်လို့ ကိုထိန်လင်းက ပြောပါတယ်။

ဒါဟာ နိုင်ငံရေး ကိစ္စမဟုတ်ဘဲ အခြေခံလူသားချင်း စာနာမှုဆိုင်ရာ ကိစ္စဖြစ်တယ်လို့ ဆိုပါတယ်။

” မိမိတို့ ချစ်ရတဲ့သူ ဘယ်မှာ ရှိနေလဲ အသက်ရှင်သန်နေသေးရဲ့လားဆိုတာကို သိပိုင်ခွင့်ဟာ ဒီကမ္ဘာပေါ်က ဘယ်မိသားစုမှာမဆို ရှိရပါမယ်။ ဒါကို ဘယ်သူမှ ငြင်းပယ်လို့ မရပါဘူး။ သားတယောက်အနေနဲ့ ဒီမတရားမှုဟာ ကျနော့်ရဲ့ နှလုံးသားကို ကြေမွှစေပါတယ်။ ဒါပေမဲ့ ဘယ်လို မတရားမှုမျိုးကမှ ကျနော်တို့ရဲ့ ချစ်ခြင်းမေတ္တာကို ပိတ်ပင်တားဆီးလို့ မရနိုင်ပါဘူး။” လို့လည်း ကိုထိန်လင်းက ပြောပါတယ်။

မိခင်ဖြစ်သူ အမြဲတမ်းအခိုင်အမာ ရပ်တည်ခဲ့တဲ့ အမှန်တရားကိုလည်း ဘယ်တော့မှ ဖျောက်ဖျက်လို့ မရဘူးလို့လည်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မိခင်ဖြစ်သူရဲ့ မွေးနေ့ကို ပျော်ပျော်ပါးပါး ဆင်နွှဲ့ရဖို့ ဖြစ်သင့်ပေမယ့် စစ်အာဏာသိမ်းပြီး ၅နှစ်ကျော် ကြာမြင့်လာခဲ့တဲ့ အထိ မိခင်ဖြစ်သူဟာ ဓားစားခံအဖြစ် မတရား ဖမ်းဆီးထောင်ချခံထားရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

” မိသားစု ဆရာဝန် ရှေ့နေတွေ အပါအဝင် ပြင်ပ ကမ္ဘာ ကြီးတခုလုံးနဲ့လည်း လုံး၀ အဆက်အသွယ် ဖြတ်တောက်ခံထားရပါတယ်” လို့ ကိုထိန်လင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က လျှို့ဝှက်အကျဉ်းထောင်ကနေ နေပြည်တော်ရဲ့ တနေရာက လျှို့ဝှက်နေအိမ် အကျယ်ချုပ်ကို ပြောင်းရွှေ့လိုက်ပြီလို့ ကြေညာခဲ့ဖူးပြီး ဒါဟာ နိုင်ငံတကာရဲ့ ပြင်းထန်တဲ့ ကန့်ကွက်မှုတွေကို ငြိမ်သက်သွားစေဖို့ လုပ်ဆောင်တဲ့ လှည့်ကွက်သာ ဖြစ်ကြောင်း ပြောပါတယ်။

“အဲဒီအချိန်က စလို့ အမေ ဘယ်မှာ ရှိနေလဲ ကျန်းမာရေးဘယ်လိုရှိလဲဆိုတာ ကျနော်တို့ တစိုက်မတ်မတ် စုံစမ်းခဲ့ပါတယ်။ဒါပေမဲ့ ဘာတုန့်ပြန်မှုမှ မရရှိခဲ့ပါဘူး။ စစ်ကောင်စီက အမေ သက်ရှိထင်ရှားရှိကြောင်း သီးခြားအတည်ပြုနိုင်တဲ့ သက်သေဖြစ်စေ တကယ်ပဲ ရွှေ့ပြောင်း ပြီဆိုတဲ့ အထောက်အထားဖြစ်စေ တစုံတရာမျှ ထုတ်ပြ နိုင်ခြင်းမရှိသေးပါဘူး။ရှင်းရှင်းပြောရရင် တော့ ကျနော့်အမေဟာ စစ်ကောင်စီအတွက် ညှိနှိုင်းစရာ ဓားစာခံတဦး သက်သက်ပါပဲ” လို့ ကိုထိန်လင်းက ပြောပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို အသည်းအသန် လိုချင်နေသလို အာဆီယံနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကစစ်အုပ်စုကျင်းပတဲ့ ရွေးကောက်ပွဲအတုကို အသိအမှတ်ပြုပေးဖို့ မျှော်လင့်နေတာ ဖြစ်ဟု ပြောကြားပါတယ်။

စစ်ကောင်စီလက်အောက်မှာ မြန်မာပြည်သူတွေဟာ ရုပ်ရော စိတ်ရောသာမက ခံစားချက်ပိုင်းတွေပါ အဆက်မပြတ် ဖျက်ဆီးခံနေရပြီး ကြောက်ရွံ့မှု၊ ဖမ်းဆီးမှုနဲ့ အကြောင်းမဲ့ သတ်ဖြတ်မှုတို့ရဲ့ အရိပ်မည်းအောက်မှာ အမြဲ ရှင်သန်နေကြရတာလို့ အသိပေးပါတယ်။

အလွန်ကြီးမားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးကြီး ဖြစ်နေပေမဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းဆီက အကူအညီ အနည်းငယ်ပဲ ရခဲ့ပေမဲ့ မြန်မာပြည်သူတွေဟာ ဒူးထောက်အရှုံး မပေးခဲ့ဘဲ ဆက်လက်တွန်းလှန်နေဆဲဖြစ်ကြောင်းလည်း ကိုထိန်လင်းက ပြောကြားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် (၈၁)နာရီကြာ ရေးဆွဲထားတဲ့ ပုံတူပန်းချီ ၂ ကားကို လေလံအစီအစဉ်ပြုလုပ်ပြီး ရရှိလာတဲ့ ငွေကို စစ်ဘေးဒုက္ခသည်တွေအတွက် ထောက်ပံ့ပေးသွားမယ်လို့ ပန်းချီဆရာမ နုယဉ်က အသိပေးထားပါတယ်။

သတင်း

လူထု‌ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ အမြန်ဆုံး ပြန်ဆုံတွေ့ပါစေလို့ အာရက္ခတပ်တော်(AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က မနေ့က ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ မှာ ဆုတောင်းပေးခဲ့ပါတယ်။