အီရန်ရဲ့ ရေနံ ကုန်သွယ်ရေးအပေါ် ပိတ်ဆို့ထားမှုတွေကို အမေရိကန် အစိုးရက ဖြေလျှော့ပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဆွစ်ဇာလန်မှာ အမေရိကန်နဲ့ အီရန် အစိုးရ ကိုယ်စားလှယ်တွေဟာ စစ်ပြေငြိမ်းရေး စာချုပ် ချုပ်ဆိုဖို့ သတ်မှတ် လုပ်ငန်းစဉ်တွေကို ၁၈ နာရီကြာ ညှိနှိုင်းခဲ့ပြီးတဲ့နောက် အမေရိကန်က အခုလို ဖြေလျှော့မှုမျိုး စတင်လိုက်တာ ဖြစ်ပါတယ်။
အဲဒီ တွေ့ဆုံ ဆွေးနွေးမှုမှာတော့ အမေရိကန်နဲ့ အီရန်တို့ဟာ ရက်ပေါင်း ၆၀ အတွင်း ငြိမ်းချမ်းရေး စာချုပ်ပါ အချက်အလက်တွေကို အပြီးသတ် ညှိနှိုင်းကြဖို့ သဘောတူခဲ့ကြပါတယ်။
ဆွစ်ဇာလန်က ဆွေးနွေးမှုတွေ အပြီးမှာတော့ အီရန် နျူကလီးယား ထိန်းချုပ်ရေး ကိစ္စအတွက် အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA)နဲ့ ညှိနှိုင်းမှုတွေ အမြန်ဆုံး စတင်လာနိုင်တယ်လို့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က မှတ်ချက်ပေးခဲ့ပါတယ်။

Public Service Announcement
ဒါပေမဲ့ အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အဲဒီအချက်ကို ပယ်ချခဲ့ပြီး အမေရိကန် ကိုယ်စားလှယ် အဖွဲ့နဲ့ ဆွေးနွေးမှု အတောအတွင်း အီရန် နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေမှာ စစ်ဆေးမှု ခံယူပါ့မယ်ဆိုတဲ့ ဘယ်လို ကတိကဝတ်မျိုးကိုမှ မပေးခဲ့ကြောင်း တုံ့ပြန်သွားပါတယ်။
လောလောဆယ်မှာတော့ အမေရိကန်ဟာ အီရန်ရဲ့ ရေနံလုပ်ငန်းအပေါ် အရေးယူ ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးထားပြီး ဆယ်စုနှစ်တွေ အတောအတွင်း ပထမဆုံး အကြိမ်အဖြစ် အီရန်ကို အမေရိကန် ဒေါ်လာ တရားဝင် အသုံးပြုပြီး ရေနံရောင်းခွင့် ပြုလိုက်ပါတယ်။
အီရန်-အမေရိကန် တွေ့ဆုံပွဲကို အထမြောက်အောင် ကြားဝင် ညှိနှိုင်းပေးတဲ့ ကာတာနဲ့ ပါကစ္စတန် အစိုးရတွေက အခုအခါ ရက်ပေါင်း ၆၀ အတွင်း အပြီးသတ် သဘောတူညီမှုကို ရှာဖွေမယ့် လမ်းပြမြေပုံ တစ်ခုကို နှစ်ဖက်စလုံးက လက်ခံထားပြီး ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။
ဗန့်စ်ကတော့ ဆွစ်ဇာလန်က ဆွေးနွေးပွဲဟာ ရှေ့ဆက်မယ့် လုပ်ငန်းစဉ်တွေအတွက် အရမ်းကောင်းမွန်တဲ့ အခြေခံ အုတ်မြစ်မျိုး ဖြစ်လာတယ်လို့ ပြောပါတယ်။ ဆွေးနွေးမှုတွေမှာတော့ စစ်ပွဲကာလတလျှောက်လုံးနီးပါး အီရန်က ပိတ်ထားတဲ့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ဖို့နဲ့ ဒေသတစ်ခုလုံးက စစ်ရေး ပဋိပက္ခတွေ ရပ်စဲစေဖို့ ဆိုတာတွေလည်း ပါဝင်ကြောင်း သိရပါတယ်။
ဇွန်လ ၂၂ ရက်နေ့မှာတော့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက အီရန်ရဲ့ ရေနံလုပ်ငန်းတွေကို ကာလရှည်ကြာ ပိတ်ပင်ထားမှုကနေ ရက်ပေါင်း ၆၀ ဖြေလျှော့ ကင်းလွတ်ခွင့် ပေးသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် အီရန်ဟာ ရေနံစိမ်းနဲ့ တခြား ရေနံထုတ်ကုန် ပစ္စည်းတွေကို ဩဂုတ် ၂၁ ရက်နေ့ထိ လွတ်လွတ်လပ်လပ် တင်ပို့ရောင်းချခွင့်တွေ ရှိလာတော့မှာပါ။ ပိတ်ဆို့မှုတွေကို ပယ်ဖျက်ပေးထားတဲ့အတွက် အီရန် ရေနံကို အမေရိကန် နိုင်ငံဆီလည်း တင်ပို့ ရောင်းချနိုင်မယ်လို့ သိရပါတယ်။
အခုလို ရက်ပေါင်း ၆၀ ဖြေလျှော့မှုအတွက် အပြန်အလှန် အနေနဲ့ အီရန်ဟာ ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်ဖို့ အခိုင်အမာ အာမခံရမှာ ဖြစ်ပြီး IAEAရဲ့ နျူကလီးယား နည်းပညာ စစ်ဆေးရေး အရာရှိတွေကိုလည်း ဝင်ရောက်ခွင့် ပြုရမှာ ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်က ပြောကြားခဲ့ပါတယ်။
ဆွစ်ဇာလန်မှာတော့ အဲဒီကိစ္စကို သတင်းထောက်တွေက မေးမြန်းတဲ့အခါ ဗန့်စ်က IAEA အရာရှိတွေ အီရန်ဆီ သွားရောက်ဖို့ တစ်ပတ်လောက်တော့ အချိန်ယူရနိုင်ကြောင်း၊ ဒါပေမဲ့ ဆွေးနွေးမှုတွေကတော့ ဇွန်လ ၂၃ ရက်နေ့လောက်မှာတင် စတင်နိုင်ဖို့ မျှော်လင့်ကြောင်း ပြန်ဖြေသွားပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကလည်း အီရန်ဟာ လက်နက်ဆိုင်ရာ အကြီးစား စုံစမ်းစစ်ဆေးမှုတွေကို လက်ခံ ခွင့်ပြုပေးသွားမယ်လို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
အီရန်ကတော့ နျူကလီးယား အရေးနဲ့ ပတ်သက်ပြီး ဘာကတိအသစ်ကိုမှ မပေးခဲ့ဘူးလို့ တုံ့ပြန်ခဲ့ပြီး IAEAကတော့ ဒီကိစ္စမှာ တစ်ခုခု မှတ်ချက်မပေးသေးဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။
ကိုးကား: BBC


















































