Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်-အမေရိကန် အဖွင့်ဆွေးနွေးမှုတွေ အလားအလာ ကောင်းခဲ့တယ်လို့ဆို

အီရန်-အမေရိကန် ငြိမ်းချမ်းရေး ဆွေးနွေးမှုရဲ့ ကနဦး တွေ့ဆုံမှု အစီအစဉ်တွေဟာ စိတ်ကျေနပ်စရာ တိုးတက်မှုမျိုးတွေနဲ့ အောင်အောင်မြင်မြင် ပြီးဆုံးခဲ့တယ်လို့ အစည်းအဝေး ဖြစ်မြောက်အောင် ကူညီခဲ့တဲ့ ကာတာနဲ့ ပါကစ္စတန် အစိုးရတွေက ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - Fabrice Coffrini

အီရန်-အမေရိကန် ငြိမ်းချမ်းရေး ဆွေးနွေးမှုရဲ့ ကနဦး တွေ့ဆုံမှု အစီအစဉ်တွေဟာ စိတ်ကျေနပ်စရာ တိုးတက်မှုမျိုးတွေနဲ့ အောင်အောင်မြင်မြင် ပြီးဆုံးခဲ့တယ်လို့ အစည်းအဝေး ဖြစ်မြောက်အောင် ကူညီခဲ့တဲ့ ကာတာနဲ့ ပါကစ္စတန် အစိုးရတွေက ထုတ်ပြန်ပါတယ်။

အီရန်နဲ့ အမေရိကန် အစိုးရတွေကြား ပြီးခဲ့တဲ့ သီတင်းပတ်မှာ လက်မှတ် ရေးထိုးခဲ့တဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)အရ နှစ်နိုင်ငံကြားက စစ်ပွဲ အပြီးတိုင် ရပ်စဲရေး အသေးစိတ် အချက်အလက်တွေကို ၂ လအတွင်း ညှိနှိုင်းဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။ အဲဒီ နောက်ဆက်တွဲ ဆွေးနွေးမှုတွေမှာတော့ အီရန် နျူကလီးယား အစီအမံတွေကို ဘယ်လောက် အတိုင်းအတာထိ ကန့်သတ်စေမလဲ ဆိုတာမျိုး အရေးပါတဲ့ ကိစ္စတွေကို အကျေအလည် ညှိနှိုင်းကြမှာ ဖြစ်ပါတယ်။

ဇွန်လ ၂၁ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အီရန်-အမေရိကန် ကိုယ်စားလှယ်တွေ တွေ့ဆုံမှုမှာတော့ စစ်ပွဲကို တရားဝင် အဆုံးသတ်နိုင်မယ့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ရက်ပေါင်း ၆၀ အတွင်း ညှိနှိုင်းယူဖို့ အခိုင်အမာ သဘောတူခဲ့ကြောင်း ကာတာနဲ့ ပါကစ္စတန်တို့က ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန် ကိုယ်စားလှယ် အဖွဲ့ထဲမှာ ပါဝင်တဲ့ သံအရာရှိ တစ်ဦးကတော့ အဖွင့်ဆွေးနွေးမှုတွေရဲ့ အဓိက ရည်ရွယ်ချက်ဟာ အီရန်ဖက်က ပေးပို့တဲ့ အဆိုပြုချက်တွေထဲမှာ မရှင်းမလင်း ဖြစ်နေတာတွေကို အဓိပ္ပါယ် ပီပီပြင်ပြင် သိရအောင် မေးမြန်း စုံစမ်းဖို့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကြားဝင် စေ့စပ်ပေးတဲ့ နှစ်နိုင်ငံ ပူးတွဲ ထုတ်ပြန်ချက်မှာတော့ ဆွေးနွေးပွဲတွေ ဆက်လက် ပြုလုပ်သွားမယ့် သတ်မှတ် ကာလအတွင်း နှစ်နိုင်ငံကြား နားလည်မှု လွဲမှားတဲ့ ပြဿနာတွေ ပေါ်မလာအောင် တားဆီးဖို့ ကြားခံ ဆက်သွယ်ရေး လမ်းကြောင်းတစ်ခု ထူထောင်ထားရှိရေးကိုလည်း အီရန်နဲ့ အမေရိကန်ကြား သဘောတူညီမှု ရရှိခဲ့ကြောင်း ဖော်ပြ ပါရှိပါတယ်။

အဖွင့်ဆွေးနွေးမှုတွေဟာ အီရန် နျူကလီးယား နည်းပညာဆိုင်ရာ သဘောတူညီမှုတွေနဲ့ ပတ်သက်လို့လည်း အာရုံစိုက်ခဲ့ကြောင်း၊ လာမယ့် တွေ့ဆုံမှုတွေမှာတော့ နည်းစနစ်ပိုင်းအရ ပိုပြီး နက်နက်ရှိုင်းရှိုင်း ညှိနှိုင်းမှုတွေ ရှိလာနိုင်ကြောင်း အမေရိကန် သံအရာရှိက ဆက်ပြောပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ လူဆာနီမြို့နားက ဘာဂန်စတော့ခ် အပန်းဖြေ စခန်းမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးကို အမေရိကန်ဖက်က ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်၊ သမ္မတ ဒေါ်နယ်လ်ထရမ့် ခန့်အပ်တဲ့ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်၊ ထရမ့်ရဲ့ သမက်ဖြစ်သူ ဂျရတ် ကူရှ်နာတို့ အပါအဝင် အစိုးရနဲ့ သံတမန်ရေးရာ အရာရှိတွေ တက်ရောက်ခဲ့ပါတယ်။ အီရန်ဖက်ကတော့ လွှတ်တော် ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘက်ဖ်နဲ့ နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီတို့ အဓိက ဦးဆောင်ခဲ့ပါတယ်။

ဇွန်လ ၂၁ ရက်နေ့ ညနေပိုင်းမှာ ထရမ့်က Fox သတင်းဌာနနဲ့ အင်တာဗျူးမှာရော၊ အွန်လိုင်းပေါ်မှာပါ အီရန်ကို ခြိမ်းခြောက်တဲ့ သဘောမျိုးတွေ ပြောဆိုခဲ့တာကြောင့် ဆွစ်ဇာလန်က ဆွေးနွေးပွဲတွေမှာ ရိုက်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။ ထရမ့်က ရက်ပေါင်း ၆၀ အတွင်း သူလိုချင်တဲ့ အနေအထားမျိုး မရနိုင်ဘူးဆိုရင် အီရန်ဆိုတာ နိုင်ငံတောင် မကျန်ဘဲ ပျောက်သွားစေမယ် ဆိုတာမျိုး သတိပေးခဲ့တာပါ။ အကျိုးဆက်အဖြစ် ဆွစ်ဇာလန်က ဆွေးနွေးပွဲတွေမှာ အီရန် ကိုယ်စားလှယ် အဖွဲ့ဟာ ခန်းမဆောင်ထဲကနေ ခဏတဖြုတ် ထွက်ခွာသွားပြီး ဆန္ဒပြခဲ့သေးကြောင်း သိရပါတယ်။

အီရန် အရာရှိတွေဟာ အမေရိကန် ကိုယ်စားလှယ် အဖွဲ့နဲ့ အတူဓာတ်ပုံ တွဲရိုက်ဖို့လည်း ငြင်းဆန်ခဲ့ပါတယ်။ အခြေအနေတချို့ ရှုပ်ထွေးခဲ့ပေမယ့်လည်း ကြားဝင်စေ့စပ်ပေးတဲ့ နိုင်ငံတွေက ဆွေးနွေးမှုတွေ ပြတ်တောက်မသွားအောင် ထိန်းသိမ်းပေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ အီရန် နျူကလီးယား အရေး၊ လက်ဘနွန်မှာ ဆက်လက် ဖြစ်ပွားနေတဲ့ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာ စစ်ပွဲအရေးတွေဟာ ဆွစ်ဇာလန်က ဆွေးနွေးပွဲမှာ အဖြေရှာဖို့ ခက်ခဲနေဆဲ အကျပ်အတည်းတွေအဖြစ် ထွက်ပေါ်လာကြောင်းလည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ရဲ့ ရေနံ ကုန်သွယ်ရေးအပေါ် ပိတ်ဆို့ထားမှုတွေကို အမေရိကန် အစိုးရက ဖြေလျှော့ပေးလိုက်ပါတယ်။

နိုင်ငံတကာ

ကာကွယ်ရေးနဲ့ မြေရှားသတ္တု တူးဖော် ထုတ်လုပ်ရေးဆိုင်ရာ အမေရိကန် ကုမ္ပဏီ ၁၀ ခုဆီ ပို့ကုန်တွေ တင်ပို့မှုအပေါ် ကန့်သတ်ချက် အသစ်တွေ တရုတ်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

လက်ဘနွန်မှာ အစ္စရေးက တိုက်ခိုက်မှုတွေ မရပ်တဲ့အတွက် ဟောမုဇ် ရေလက်ကြားကို ပြန်ပိတ်လိုက်ကြောင်း အီရန်စစ်တပ်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။