စုစုပေါင်း ၉၂ နှစ်လောက် စောင့်ဆိုင်းပြီးချိန်မှာတော့ အီဂျစ် လက်ရွေးစင် ဘောလုံးအသင်းဟာ ပထမဆုံး ကမ္ဘာ့ဖလား နိုင်ပွဲတစ်ပွဲကို ပိုင်ဆိုင်ခဲ့ဖူးပြီ ဖြစ်ပါတယ်။
ဇွန်လ ၂၁ ရက်နေ့ ညပိုင်းက ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့မှာ ယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာ အီဂျစ်ဟာ နယူးဇီလန်ကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါဟာ ၁၉၃၄ ခုနှစ်မှာ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပါဝင်ခွင့် ရခဲ့တဲ့နောက်ပိုင်း အီဂျစ်အသင်းရဲ့ ပထမဆုံး နိုင်ပွဲအဖြစ် မှတ်တမ်းဝင်လာခဲ့ပါတယ်။
အဲဒီအတွက် အီဂျစ်ဟာ ၉၂ နှစ်၊ ရက်အားဖြင့်တော့ ၃၃၆၂၈ ရက် စောင့်ဆိုင်းခဲ့ရပါတယ်။ ၂၀၂၆ ပြိုင်ပွဲ မတိုင်ခင် အီဂျစ်ဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၃ ကြိမ် အောင်ခဲ့ပါတယ်။ အဲဒီ ပြိုင်ပွဲကြီး ၃ ခုမှာ အီဂျစ်ဟာ စုစုပေါင်း ၇ ပွဲ ကစားပြီး ၅ ပွဲရှုံး၊ ၂ ပွဲသရေ ကျခဲ့ပါတယ်။ အခုနှစ် ပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်မှာလည်း ဘယ်ဂျီယမ်နဲ့ တစ်ဂိုးစီ သရေကျခဲ့တာကြောင့် အီဂျစ်ရဲ့ ကမ္ဘာ့ဖလား နိုင်ပွဲရှာတွေ့ရေး မျှော်လင့်ချက်က မပြည့်ခဲ့ပြန်ပါဘူး။ အခုတော့ ၉ ပွဲမြောက် ကမ္ဘာ့ဖလား အတွေ့အကြုံမှာ နယူးဇီလန်ကို ဂိုးပြတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
အီဂျစ်အတွက် အသင်းခေါင်းဆောင်ဖြစ်သူ လီဗာပူး တိုက်စစ်မှူးဟောင်း မိုဟာမက် ဆာလားက အထူးခြေစွမ်းပြခဲ့ပြီး ကိုယ်တိုင်ဂိုးသွင်းခဲ့သလို အသင်းဖော် မာမွတ် ထရက်ဇီဂေးရဲ့ အပိတ်ဂိုးကိုလည်း ဖန်တီးပေးခဲ့ပါတယ်။ ဒီပွဲမှာ နယူးဇီလန်က ဦးဆောင်ဂိုး စသွင်းခဲ့တာကြောင့် အီဂျစ်ရဲ့ ကမ္ဘာ့ဖလား နိုင်ပွဲပျောက်မှု အိပ်မက်ဆိုးက ဆက်လက် တည်တံ့နေမလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိခဲ့ပါသေးတယ်။ ဒါပေမဲ့ မော့စတာဖာ ဇီကိုက ချေပဂိုးသွင်းပြီး အဲဒီနောက် ဆာလားနဲ့ ထရက်ဇီဂေးတို့ရဲ့ သွင်းဂိုးတွေကြောင့် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
အခုရလဒ်ဟာ အီဂျစ်အတွက် ၉၂ နှစ်အတွင်း ပထမဆုံး ကမ္ဘာ့ဖလားနိုင်ပွဲကို ပိုင်ဆိုင်လာစေခဲ့သလို ကမ္ဘာ့ဖလား ပွဲစဉ်တစ်ခုမှာ ပထမဆုံးအကြိမ် ၃ ဂိုးသွင်းနိုင်တဲ့ မှတ်တမ်းသစ်ကိုလည်း ရေးထိုးနိုင်ခဲ့ပါတယ်။
အခုအခါ အီဂျစ်ဟာ ၂ ပွဲကစားပြီး ၄ မှတ် ရထားတာကြောင့် အုပ်စုအပိတ် ပွဲစဉ်အဖြစ် အီရန်နဲ့ ယှဉ်ပြိုင်ချိန် အနိုင်ရခဲ့ရင် ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်မှာပါ။ ကမ္ဘာ့ဖလားမှာ အုပ်စုပွဲစဉ်တွေ ရေးဆွဲပြီး ယှဉ်ပြိုင်စေခဲ့တဲ့ အချိန်ကစလို့လည်း အီဂျစ်ဟာ ဘယ်တုန်းကမှ ရှုံးထွက်အဆင့်ကို မရောက်ခဲ့ဖူးပါဘူး။
ဒီပွဲမှာ အီဂျစ်ကို ရှုံးနိမ့်သွားတဲ့ နယူးဇီလန်ဟာလည်းပဲ ပထမဆုံး ကမ္ဘာ့ဖလား နိုင်ပွဲကို ရှာဖွေနေဆဲ ဖြစ်ပါတယ်။ နယူးဇီလန်ဟာလည်း အခုနှစ် ပြိုင်ပွဲ အပါအဝင် ကမ္ဘာ့ဖလား ၃ ကြိမ် ယှဉ်ပြိုင်ဖူးပြီး စုစုပေါင်း ၈ ပွဲ ကစားထားရာမှာ ၄ ပွဲရှုံးပြီး ၄ ပွဲ သရေကျထားကြောင်း သိရပါတယ်။
ကိုးကား: BBC


















































