Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စာသင်ကျောင်း ပစ်ခတ်မှုအပြီး ဂိမ်းတစ်ခုကို ဖိလစ်ပိုင် ပိတ်ပင်

စာသင်ကျောင်း ပစ်ခတ်မှုအပြီး ဂိမ်းapp တစ်ခုကို ဖိလစ်ပိုင် အာဏာပိုင်တွေက ပိတ်ပင်လိုက်ပါတယ်။

ဓာတ်ပုံ - AP

စာသင်ကျောင်း ပစ်ခတ်မှုအပြီး ဂိမ်းapp တစ်ခုကို ဖိလစ်ပိုင် အာဏာပိုင်တွေက ပိတ်ပင်လိုက်ပါတယ်။

ကနဦး စစ်ဆေးမှုတွေအရ ကလေး ၃ ဦး သေဆုံးပြီး ၂၀ လောက် ဒဏ်ရာရခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှု ကျူးလွန်သူ လူငယ်နှစ်ယောက်ထဲက တစ်ဦးဟာ အဲဒီဂိမ်းကို စွဲစွဲလမ်းလမ်း ကစားခဲ့တာ အတည်ပြု သိရှိထားကြောင်း စုံစမ်းရေး အရာရှိတွေက ပြောပါတယ်။

မနီလာမြို့တော် အရှေ့တောင်ပိုင်း၊ တက္ကလိုဘန် မြို့ထဲက အထက်တန်းကျောင်းကို အသက် ၁၄ နှစ်နဲ့ ၁၅ နှစ်အရွယ် လူငယ်နှစ်ဦးက ပစ္စတိုတွေကိုင်ပြီး ဇွန်လ ၂၂ ရက်နေ့မှာ ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ဦးစလုံးကိုတော့ အခင်းဖြစ်ပွားတဲ့ ကျောင်းထဲမှာပဲ ဖမ်းမိခဲ့ပါတယ်။

အဲဒီထဲက အသက် ၁၄ နှစ်အရွယ် လူငယ်ဟာ Goreboxဆိုတဲ့ ဂိမ်းကို စွဲစွဲမြဲမြဲ ကစားခဲ့တယ်လို့ ရဲတွေက စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ အဲဒီဂိမ်းဟာ ပါဝင်ကစားသူတွေ အနေနဲ့ ဖျက်ဆီးရေး လုပ်ရပ်တွေကို စိတ်တိုင်းကျ စမ်းသပ် လုပ်ကိုင်နိုင်အောင် ဖန်တီးပေးထားကြောင်း စုံထောက်တွေက ပြောပါတယ်။ Google Playstoreမှာ ဂိမ်းအကြောင်း ဖော်ပြထားရာမှာတော့ လက်နက်တွေ၊ ဖောက်ခွဲရေး ကိရိယာတွေကို အသုံးပြုပြီး ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်မယ်လို့ ကြော်ငြာထားတာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဖိလစ်ပိုင်မှာ လက်နက်ကိုင် မှုခင်းတွေ ပေါ်ပေါက်လေ့ ရှိပေမယ့် စာသင်ကျောင်းတွေကို ပစ်မှတ်ထားတာမျိုး အရမ်းရှားပြီး အခုဖြစ်စဉ်က တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့ပါတယ်။ ဒီလို ဆိုးရွားလှတဲ့ ဖြစ်ရပ်မှာ အွန်လိုင်းနဲ့ ဆက်စပ်တဲ့ လွှမ်းမိုးသက်ရောက်မှုတွေ ပါဝင်နေနိုင်တာကို မျက်ကွယ်ပြုထားလို့ မရဘူးလို့ ဂိမ်းကို ပိတ်ပင်စေဖို့ ဆုံးဖြတ်လိုက်တဲ့ ဖိလစ်ပိုင် ဆိုက်ဘာလုံခြုံရေး အေဂျင်စီက ပြောပါတယ်။

ဒီတိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ အွန်လိုင်းပေါ်က အကြောင်းအရာတွေ ပါဝင်လွှမ်းမိုး ပတ်သက်မှု ရှိနိုင်ကြောင်း အစောပိုင်းမှာလည်း ဖိလစ်ပိုင် အမှုစစ် အရာရှိတွေက မှတ်ချက်ပေးထားခဲ့ပါတယ်။

Goreboxဂိမ်းကို ပြည်တွင်းမှာ အချိန်ကာလ တစ်ခုစာလောက် ယာယီ ပိတ်သိမ်းထားမှာဖြစ်ပြီး တကယ်ပဲ ဒီဂိမ်းဟာ ပစ်ခတ်မှု သံသယ တရားခံတွေရဲ့ အပြုအမူအပေါ် လှုံ့ဆော်မှု ဖြစ်စေခဲ့သလား ဆိုတာကို ပြန်လည် ဆန်းစစ်သွားမယ်လို့ ဆိုက်ဘာ စုံစမ်းစစ်ဆေးမှုနဲ့ ကွပ်ကဲမှုစင်တာရဲ့ အရာရှိ တစ်ဦးဖြစ်သူ အေဘွိုင် ပါရိုင်ဆိုက ပြောပါတယ်။

Goreboxဂိမ်းကို ဖန်တီးတဲ့ ဂျာမနီ အခြေစိုက် F2Gamesကတော့ အခုကိစ္စနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးသေးပါဘူး။ အွန်လိုင်းဂိမ်းတွေဟာ ကစားသူတွေကို ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူတွေဆီ တွန်းပို့နိုင်သလားဆိုတဲ့ သံသယ မေးခွန်းတွေ ရှိနေပေမယ့်လည်း သိပ္ပံနည်းက ဆန်းစစ်လေ့လာမှုတွေမှာတော့ ဂိမ်းတွေကြောင့် လူတွေ ရက်စက် ရိုင်းစိုင်းသွားစေတယ် ဆိုတာကို သက်သေပြနိုင်တဲ့ ဘာအထောက်အထားမှ ထွက်ပေါ်မလာပါဘူး။

Goreboxဟာ ကြမ်းတမ်းလွန်ကဲပြီး ကန့်သတ်မှုလည်း မရှိအောင် စီစဉ်ရေးဆွဲပေးထားတဲ့ ဂိမ်းတစ်ခု ဖြစ်တာကြောင့် အသက် ၁၈ နှစ်အောက် လူငယ်တွေအတွက် မဟုတ်ဘူးလို့ ကန့်သတ်ထားပါတယ်။ ဒါပေမဲ့ ပစ်ခတ်မှုမှာ ပါဝင်တဲ့ အသက် ၁၄ နှစ်အရွယ် လူငယ်ကတော့ အဲဒီဂိမ်းကို စွဲစွဲလမ်းလမ်း ဆော့ကစားခဲ့တာ ဖြစ်ပါတယ်။

စာသင်ကျောင်း ပစ်ခတ်မှုရဲ့ သံသယ တရားခံ နှစ်ဦးဟာ အသက်မပြည့်သေးသူတွေ ဖြစ်နေတာကြောင့်လည်း ဥပဒေကြောင်းအရ ကိုင်တွယ်မှုမှာ အငြင်းပွားစရာတွေ၊ အခက်အခဲတွေ ရှိနေပါတယ်။ လွှတ်တော်အမတ် တချို့ကတော့ ကလေးတွေကို သေနတ်နဲ့ နီးနီးကပ်ကပ် ထိတွေ့ခွင့်ရအောင် ပေါ့ဆခဲ့တဲ့ လူကြီးတွေကိုပါ ထိထိရောက်ရောက် အပြစ်ပေးမယ့် ဥပဒေတွေ ရှိသင့်ပြီလို့ ပြောပါတယ်။ အခု သီတင်းပတ် အစောပိုင်းမှာတော့ ရဲတပ်ဖွဲ့ဟာ အသက် ၁၅ နှစ်အရွယ် လူငယ်ကို လူသတ်မှုနဲ့ စတင် အမှုဖွင့်ထားလိုက်ပါတယ်။

အဲဒီလူငယ်ဟာ အခင်းဖြစ်ပွားရာ ဆန်ဟိုဆေး အထက်တန်းကျောင်းရဲ့ ကျောင်းသား တစ်ဦးဖြစ်ပြီး သူဟာ ကျောင်းတွင်း အနိုင်ကျင့်မှု သားကောင် ဖြစ်ခဲ့ကြောင်း ရဲတွေဆီ ထွက်ဆိုထားပါတယ်။ သူ့ရဲ့ အတန်းဖော် တချို့ကလည်း အဲဒီလူငယ်ဟာ မဟုတ်မခံစိတ်ရှိပြီး အနိုင်ကျင့်မှုတွေကို ငြိမ်မခံတာကြောင့် ကျောင်းမှာ ပြဿနာ တက်တာတွေ ရှိခဲ့ဖူးကြောင်း ဆိုပါတယ်။

ပညာရေးဝန်ကြီး ဆွန်နီ အန်ဂါရာက စာသင်ကျောင်း ပစ်ခတ်မှုနဲ့ ပတ်သက်လို့ အစိုးရ အနေနဲ့ အရမ်း စိုးရိမ်နေကြောင်း၊ အမေရိကန်မှာ ပစ်ခတ်မှုတွေကို အားကျပြီး လိုက်လံ တုပကြတဲ့ သာဓကတွေ ရှိခဲ့ဖူးကြောင်း၊ ဖိလစ်ပိုင်မှာလည်း အလားတူ အခြေအနေတွေ ဖြစ်လာမှာကို စိတ်ပူကြောင်း ပြောကြားသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင်နိုင်ငံက စာသင်ကျောင်း တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့နောက် ကျောင်းသား ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ကမ်းလွန်မှာ လှုပ်ခတ်သွားခဲ့တဲ့ ငလျင်ကြီးကြောင့် သေဆုံးသူ အရေအတွက်ဟာ ၄၆ ဦးထိ ရှိလာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးအတွင်း မြေးဖြစ်သူကို အစွမ်းကုန် ကာကွယ်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသမီးကြီး တစ်ဦးအကြောင်း လူမှုကွန်ရက် မီဒီယာတွေမှာ လူပြောများနေပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း ကမ်းလွန်မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန် ငလျင်ကြီးကြောင့် သေဆုံးသူဟာ ၃၅ ဦးထိ ရှိလာကြောင်း သိရပါတယ်။