Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖိလစ်ပိုင် ငလျင်ကြောင့် သေဆုံးသူ ၃၅ ဦးထိ မြင့်တက်လာ

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း ကမ်းလွန်မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန် ငလျင်ကြီးကြောင့် သေဆုံးသူဟာ ၃၅ ဦးထိ ရှိလာကြောင်း သိရပါတယ်။

ဓာတ်ပုံ - AP

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း ကမ်းလွန်မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန် ငလျင်ကြီးကြောင့် သေဆုံးသူဟာ ၃၅ ဦးထိ ရှိလာကြောင်း သိရပါတယ်။

ဇွန်လ ၈ ရက်နေ့ မနက်ပိုင်းက ကျွန်းစုနိုင်ငံ ဖိလစ်ပိုင်ရဲ့ အကြီးဆုံး ကျွန်းတစ်ခုဖြစ်တဲ့ မင်ဒါနာအိုရဲ့ တောင်ဖက် ကမ်းလွန်ရေပြင်မှာ မဂ္ဂနီကျု ၇.၈ အဆင့် ငလျင်ကြီး လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ငလျင်ကြောင့် မင်ဒါနာအိုမှာ ထိခိုက်ပျက်စီးမှုတွေ၊ အသေအပျောက်တွေ ရှိခဲ့သလို ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဂျပန်နဲ့ ဩစတြေးလျတို့မှာလည်း အရေးပေါ် ဆူနာမီ အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။ နာရီတချို့ ကြာပြီးချိန်မှတော့ အဲဒီ သတိပေးချက်တွေကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။

လူမှုကွန်ရက် မီဒီယာတွေပေါ် ရောက်လာတဲ့ ဗီဒီယိုတွေမှာတော့ ငလျင်ဗဟိုချက်နဲ့ နီးရာက ဂျန်နရယ် ဆန်းတို့စ် မြို့ထဲမှာတော့ ဆိုးဆိုးရွားရွား ပျက်စီးနေတဲ့၊ လုံးဝဥဿုံ ပြိုကျနေတဲ့ အဆောက်အအုံတွေကို တွေ့ခဲ့ရပါတယ်။ တချို့နေရာတွေမှာ မြေပြိုမှုတွေလည်း ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း အသေအပျောက် စာရင်းက တဖြည်းဖြည်း တိုးလာနေခဲ့ပြီး ဇွန်လ ၈ ရက် ညပိုင်းထိ အခြေအနေအရ ၃၅ ဦးထိ များပြားလာပါတယ်။ အနည်းဆုံး ၁၂ ဦး ပျောက်ဆုံးနေပြီး ၁၃၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူ ၃၅ ဦးထဲမှာ ၃၁ ဦးဟာ ဆော့ခ်ဆာဂန် ဧရိယာကဖြစ်ပြီး ကျန်တဲ့ ၄ ဦးကတော့ ဒါဗာအိုမြို့ခံတွေပါ။ ထိခိုက်သေဆုံး စာရင်းကို မပိတ်သိမ်းနိုင်သေးဘဲ တိတိကျကျ သိရှိနိုင်အောင် အာဏာပိုင်တွေက ဆက်လက် ကြိုးစားနေဆဲ ဖြစ်ပါတယ်။

ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက သက်ဆိုင်ရာ အစိုးရ အေဂျင်စီတွေဟာ ကယ်ဆယ်ရေး ကဏ္ဍအတွက် အစွမ်းကုန် ပူးပေါင်းကူညီပေးနေတယ်လို့ ကြေညာခဲ့ပါတယ်။ ဘေးဒုက္ခ ကြုံနေတဲ့ မင်ဒါနာအိုကျွန်းကို ဖိလစ်ပိုင် အစိုးရက မျက်ကွယ်ပြုထားမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

ငလျင်ဘေးသင့် ဒေသမှာ ကျောင်းအားလုံးကိုလည်း ယာယီပိတ်ထားဖို့ မားကို့စ်က ညွှန်ကြားခဲ့ပါတယ်။ ငလျင်ဟာ ဖိလစ်ပိုင်မှာ စာသင်နှစ် အသစ်အတွက် ကျောင်းတွေ ပြန်ဖွင့်တဲ့နေ့မှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ငလျင်ကြီးအပြီး နောက်ထပ် ၁၂ နာရီလောက်အတွင်း နောက်ဆက်တွဲ ငလျင်ပေါင်း ၁၃၀ ကျော်လည်း လှုပ်ခတ်ခဲ့ပြန်ပါသေးတယ်။ အဲဒီထဲက တစ်ခုဟာ မဂ္ဂနီကျု ၆.၇ အဆင့်ထိ ပြင်းထန်ခဲ့ပါတယ်။ နောက်ပြီး ဆာရာဂါနီမှာရှိတဲ့ ဘူလွတ်ကျွန်း ကမ်းလွန်ရေပြင်မှာ မဂ္ဂနီကျု ၅.၇ အဆင့် သီးခြား ငလျင်တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့ပါတယ်။

ဖိလစ်ပိုင်ဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ မြေအောက်မီးတောင် ရပ်ဝန်းထဲမှာ ကျရောက်နေပြီး ငလျင်လှုပ်ခတ်မှုတွေကို မကြာခဏ တွေ့ကြုံနေကျပါ။ ငလျင်အများစုက ပြင်းထန်လေ့ မရှိပေမယ့် ရံဖန်ရံခါမှာတော့ အသေအပျောက် များတဲ့ ငလျင်တွေ ထလှုပ်တတ်ပါတယ်။ မနှစ်က စက်တင်ဘာလတုန်းက ဗီဆာယက်စ် ဒေသမှာ လှုပ်ရှားသွားတဲ့ မဂ္ဂနီကျု ၆.၉ ငလျင်ကြောင့် ဖိလစ်ပိုင်မှာ လူပေါင်း ၇၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။