ခါကာဘို ရေးသားသည်။
အီရန်၊ ယူကရိန်းနဲ့ နိုင်ငံတကာပဋိပက္ခတွေကိုဘဲ ကမ္ဘာကြီးက အာရုံစိုက်နေချိန်မှာ မြန်မာနိုင်ငံရဲ့ အထီးကျန်အညာဒေသမှာတော့ စစ်ပွဲတွေဟာ တိတ်တဆိတ်နဲ့ ပိုပြီးပြင်းထန်လာနေပါတယ်။
“ဟိုမှာ… ရဟတ်ယာဉ်လာနေပြီ။”
အဲဒီအသံကြားလိုက်တာနဲ့ စာသင်ခန်းလေးဟာ ခဏလောက် ငြိမ်သွားပါတယ်။ ကလေးတွေက ကောင်းကင်ကို မော့ကြည့်ကြတယ်။

Public Service Announcement
ရဟတ်ယာဉ် ဖြတ်ပျံပြီး ကျော်သွားတော့မှ စာအုပ်ကို ပြန်ဖွင့်ပြီး ဂျီဩမေတြီသင်ခန်းစာကို ဆက်သင်ကြပါတယ်။

ဒီမြင်ကွင်းဟာ စစ်ပွဲနဲ့အတူ နေသားကျလာရတဲ့ လူတွေရဲ့ နေ့စဉ်ဘဝတစ်ခုပါပဲ။
နိုင်ငံခြားသတင်းထောက်နှစ်ဦးဖြစ်တဲ့ The New York Times သတင်းဌာနမှ အရှေ့တောင်အာရှဌာန အကြီးအကဲဖြစ်သူ ဟန်နာဘိချ် (Hannah Beech) နဲ့ စစ်ပွဲနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကြောင်းအရာများကို ရိုက်ကူးလေ့ရှိသူ ဓာတ်ပုံသတင်းထောက်အဒမ်ဖာဂူဆန် (Adam Ferguson) တို့ဟာ မြန်မာနိုင်ငံ အလယ်ပိုင်း အညာဒေသက တော်လှန်ရေးထိန်းချုပ်နယ်မြေတွေကို ရောက်ခဲ့ပြီး တစ်ပတ်နီးပါး နေထိုင်ကာ စစ်ကောင်စီရဲ့ ထိုးစစ်ဒဏ်ကို နေ့စဉ်ခံစားနေရတဲ့ တော်လှန်ရေးသမား လူငယ်တွေ၊ ရွာသူရွာသားတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကနေ စတင်ခဲ့တဲ့ ပြည်တွင်းစစ်ဟာ အခုဆို ငါးနှစ်ကျော် ကြာလာပါပြီ။ ကနဦးမှာ နိုင်ငံရဲ့ ထက်ဝက်ကျော်ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ နှစ်ရှည်လများ စစ်ကောင်စီတပ်တွေရဲ့ ဝိုင်းရံပိတ်ဆို့မှု ခံထားရတဲ့ အညာမြေမှာတော့ တော်လှန်ရေးရဲဘော်တွေဟာ လက်နက်အင်အား၊ လူအင်အား မမျှမတခြင်းတွေနဲ့ ခါးသီးစွာ ရုန်းကန်နေကြရပါတယ်။
“သူတို့မှာ လက်နက်ဝယ်ဖို့ ပိုက်ဆံမရှိကြဘူး။ လူထုဆီက ရတဲ့ အလှူငွေ ဒါမှမဟုတ် ကိုယ်တိုင်လုပ်လက်နက်တွေကိုပဲအဆင်ပြေအောင် သုံးနေရတာ။ ကျည်ဆန်တောင် လုံလောက်အောင် မရှိဘူး…” ဟု သတင်းထောက်က ဆိုသည်။ အချို့စခန်းတွေမှာ လူ ၈၀ အတွက် သေနတ် ၁၅ လက်သာ ရှိနေပါတယ်။
ဒီထက်ပိုပြီး စိတ်ထိခိုက်စရာကတော့ ရှေ့တန်းမှာ တိုက်ပွဲဝင်နေကြသူအများစုဟာ အသက်ငယ်ရွယ်တဲ့ လူငယ်လေးတွေပဲ ဖြစ်နေကြတာပါ။
ဒီမြင်ကွင်းကို မြင်တွေ့ခဲ့တဲ့ သတင်းထောက်အမျိုးသမီးက “ကျွန်မမှာလည်း အသက် ၁၈ နှစ်အရွယ် သားတစ်ယောက်ရှိပါတယ်။ ဒါကြောင့် ကိုယ့်သားနဲ့ သက်တူရွယ်တူ လူငယ်လေးတွေက ရှေ့တန်းမှာ အသက်စွန့်တိုက်ပွဲဝင်နေတာကို မြင်ရတဲ့အခါ ရင်ကွဲမတတ် ခံစားရပါတယ်” လို့ စိတ်မကောင်းစွာ ပြောခဲ့ပါတယ်။
စစ်ပွဲရဲ့ဒဏ်ကို ခံနေရတာ တော်လှန်ရေးရဲဘော်တွေတင် မကပါဘူး။ အညာဒေသရဲ့ ကျေးရွာတွေဟာ အိမ်ခြေရာနဲ့ချီ မီးရှို့ဖျက်ဆီးခံထားရပြီး ပြာပုံတွေကြားမှာ မိသားစုဝင်တွေ၊ စီးပွားရေးတွေကို ဆုံးရှုံးလိုက်ရတဲ့ ရွာသူရွာသားတွေဟာ ဘဝကို အစကနေ ခက်ခဲစွာ ပြန်လည်တည်ဆောက် နေကြရပါတယ်။

ဒီလောက်အထိ အဖက်ဖက်က ခက်ခဲပိတ်ဆို့နေပြီး အသက်အန္တရာယ် ကြီးမားနေပေမယ့်လည်းစစ်ကြောင်းချီတက်ရာ လမ်းတလျှောက်မှာတော့ “ဖက်ဒရယ်ဒီမိုကရေစီ အရေးတော်ပုံ… အောင်ရမည်” ဆိုတဲ့ လူငယ်တွေရဲ့ ကြွေးကြော်သံတွေက ကောင်းကင်ယံအထိ ပဲ့တင်ထပ်နေဆဲ ဖြစ်ပါတယ်။
သူတို့ ဘာကြောင့် ဒီလောက်အထိ အသက်ကို ပုံအောပြီး တိုက်ပွဲဝင်နေကြတာလဲ? ဒေသခံ ပြည်သူတွေနဲ့ လူငယ်တွေရဲ့ အဖြေကတော့ ရှင်းရှင်းလေးပါပဲ—
“ငါတို့မျှော်လင့်တဲ့ လွတ်လပ်တဲ့ မြန်မာနိုင်ငံသစ်အတွက် ငါတို့ကိုယ်တိုင် မတိုက်ရင်၊ ဘယ်သူက လာတိုက်ပေးမှာလဲ…”
ဒီစကားတစ်ခွန်းကပဲ မြန်မာ့မြေပေါ်က တော်လှန်ရေး တိုက်ပွဲတွေရဲ့ အဓိကမောင်းနှင်အားနဲ့ ပြည်သူတွေရဲ့ မဆုတ်မနစ်တဲ့ တော်လှန်ရေး စိတ်ဓာတ်ကို သက်သေပြနေပါတယ်။
ရဟတ်ယာဉ်သံကြားတိုင်း စာသင်ခန်းကို ခဏရပ်ပြီး ပြန်လည်စာသင်နေတဲ့ ကလေးတွေ၊ သေနတ် မလုံလောက်တဲ့ ရှေ့တန်းက လူငယ်တွေ၊ အိမ်မရှိတော့တဲ့ မိသားစုတွေကလည်း စစ်ပွဲရဲ့တကယ့်မျက်နှာကိုတိတ်တဆိတ်သက်သေခံလျက်ပြည်တွင်းစစ်ဟာမြန်မာနိုင်ငံရဲ့နေရာအနှံ့အပြားမှာ ယနေ့အထိ ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားနေဆဲပါ။
ကိုးကား-The New York Times


















































