ဇွန်-၃၀၊၂၀၂၆။ဒလပန်း/People’s Spring
ပဲခူးတိုင်းအနောက်ခြမ်း၊ပဲခူးတိုင်းစစ်ဌာန၊ အမှတ်(၂၁)ဗျူဟာနယ်မြေမှာ ဇွန်လတစ်လတာတိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၂၅ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ အမှတ်(၂၁)ဗျူဟာပြည်ခရိုင် တပ်ရင်း (၂)က ဒီနေ့မှာသတင်းထုတ်ပြန်ပါတယ်။
ဇွန်လ၂ရက်နေ့ နံနက် ၅ နာရီအချိန်မှာ မကွေးတိုင်း၊ သရက်ခရိုင်၊အောင်လံမြို့နယ်၊ ရွှေပန်းတောတိုက်နယ်၊ ရွှေပန်းတောကျေးရွာ ကစစ်သားအင်အား(၃၅)ဦးရှိတဲ့နတ်မှောက်ဂိတ်စခန်းကို သရက်ခရိုင်အမှတ်(၂)တပ်ရင်းက (၁၄၀၄)စစ်ဆင်ရေးအဖြစ် ပြည်ခရိုင်၊ တပ်ရင်း(၂)နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။
“၂ ရက်နေ့ဖြစ်တဲ့ ရွှေပန်းတော တိုက်ပွဲကတော့ ဗျူဟာ ၂၁ ရဲ့ ဧရိယာတော့မဟုတ်ဘူး မကွေးတိုင်း သရက်ခရိုင်တပ်ရင်း၂ရဲ့ဧရိယာဖြစ်တယ်။ အဲ့ဒီမှာ ပူးပေါင်းသွားပြီး စစ်ဆင်ရေးမှာပါဝင်တာ။ အဲ့ဒီမှာ စစ်ကောင်စီဘက်က ၁၇ ဦးသေတယ် “ ပြည်ခရိုင်တပ်ရင်း (၂)ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star ကပြောပါတယ်။

Public Service Announcement
တိုက်ပွဲကြာချိန် (၁)နာရီကျော်ရှိခဲ့ပြီး စခန်းအတွင်း စစ်တပ်ဘက်က ဗိုလ်(၁)ဦးနဲ့တပ်သား(၁)ဦးသာကျန်ရှိချိန် ကပစ(၁၅)ကနေ (၁၀၅)မမ ဟောင်ဝစ်ဇာ(၉)လုံးပစ်ကူပေးခဲ့သလိုကပစ(၁၉)ဘက်ခြမ်းကလဲ စစ်ကူအင်အား(၃၀)ဦးခန့် ပို့ဆောင်ခဲ့ပါတယ်။
စစ်ကူပို့ခဲ့တဲ့ စစ်တပ်တပ်ဖွဲ့ဝင်တွေ့နဲ့ တော်လှန်ရေးရဲဘော်တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့သလိုစခန်းသိမ်းတိုက်ခိုက်မှုကနေလည်းပြန်လည်ဆုတ်ခွါခဲ့ရတယ်လို့ တော်လှန်ရေးရဲဘော်တွေဆီကသိရပါတယ်။
အဲ့ဒီ (၁၄၀၄)စစ်ဆင်ရေး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် (၁၇)ဦးနီးပါးသေဆုံးခဲ့သလို ကင်းထောက်ဒရုန်း(၁)စီး ပစ်ချနိုင်ခဲ့ပြီး တော်လှန်ရေးတပ်တွေဘက်က ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ခရိုင် တပ်ရင်း (၂)က ထုတ်ပြန်ပါတယ်။
ဇွန်လ၂၃ရက်မှာလည်းပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါက်ခေါင်းမြို့နယ် ဘော်ဒါထိုင်စခန်းကနေ တပ်အင်အားချိန်းပြီး တောင်လည်ကျေးရွာ အထိုင်စခန်းဘက်ကို ပြန်လည်ဆုတ်ခွါလာတဲ့ခန့်မှန်းအင်အား(၇၀)ခန့်ပါ စစ်တပ် စစ်ကြောင်းနဲ့ပြည်ခရိုင်အမှတ်(၂)တပ်ရင်း၊ တပ်ရင်းစစ်ကြောင်း၊ တပ်ခွဲ(၁)၊ တပ်ခွဲ(၃)တို့ ပေါက်ခေါင်းမြို့နယ်၊ ငါးရွေးအိုင်ကျေးရွာနဲ့ကိုးခွကျေးရွာအကြားမှာ ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်ဘက်က သေဆုံးထိခိုက်မှုရှိခဲ့ပြီး ပြည်ခရိုင်အမှတ်(၂)တပ်ရင်းကရဲဘော်(၁)ဦး ထိခိုဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တိုက်ပွဲအပြီးတော်လှန်ရေးတပ်တွေဘက်ကနယ်မြေရှင်းလင်းခဲ့ရာမှာစစ်တပ်တပ်ဖွဲ့ဝင်တွေရဲ့ သေဆုံးအလောင်းတွေ တွေ့ရှိခဲ့ပြီး သေဆုံးဦးရေ(၅)ဦးနဲ့ ထိခိုက်ဒဏ်ရာရဦးရေ(၃)ဦးရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။
ဒါအပြင် စစ်တပ်စစ်ကြောင်းက ထွက်ခွာလာရာ လမ်းကြောင်းတလျှောက် ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တဲ့ ပြည်သူတွေထဲက အမျိုးသား(၂)ဦးကိုသတ်ဖြတ်တာတွေလုပ်ဆောင်ခဲ့ပါတယ်။
ဇွန်လ ၂၅ ရက်မှာ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ တောင်လည်ကျေးရွာ တောင်လည်တာဝါတိုင်စခန်းကနေ ပေါက်ခေါင်းမြို့ဘက်ခြမ်းကိုထွက်ခွါလာတဲ့ အင်အား(၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းကို ပေါက်ခေါင်းမြို့နယ်၊ အရှေ့ကြို့ကုန်းကျေးရွာနဲ့မုံညင်းကွင်း(အရပ်ခေါ်ဒေသ)အနောက်မှာ ပြည်ခရိုင်အမှတ်(၂)တပ်ရင်း၊ တပ်ခွဲ(၄)၊ ရွှေတောင်မြို့နယ်(ပကဖ)တိုက်ခိုက်ရေးအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
ဒါအပြင်ညနေ ၃ အချိန်ခန့်မှာလည်း ပေါက်ခေါင်းမြို့ဘက်ကနေ တောင်လည်ကျေးရွာ တောင်လည်တာဝါတိုင်စခန်း ဘက်ခြမ်းကိုထွက်ခွါလာတဲ့ အင်အား(၄၀)ခန့်ပါ စစ်တပ်စစ်ကြောင်းကို ပေါက်ခေါင်းမြို့နယ်၊ မုံညင်းကွင်း(အရပ်ခေါ်ဒေသ)အနောက်မှာ ပြည်ခရိုင်အမှတ်(၂)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်ခွဲ(၄)၊ ရွှေတောင်မြို့နယ်(ပကဖ) တိုက်ခိုက်ရေးအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်တာတွေ ထပ်မံလုပ်ဆောင်ခဲ့ပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်တပ်တပ်ဖွဲ့ဝင်ထိခိုက်၊ သေဆုံးတာတွေရှိခဲ့ပြီး သေဆုံးဦးရေ(၃)ဦးခန့်နဲ့ထိခိုက်ဦးရေ(၂)ဦးခန့်ရှိပြီ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့တယ်လို့ ပြည်ခရိုင်တပ်ရင်း (၂)က ထုတ်ပြန်ထားပါတယ်။
လက်ရှိအနေအထားမှာတော့ စစ်တပ်က အင်အားဖြည့်တင်းတာတချို့ရှိတယ်လို့ ပြည်ခရိုင် တပ်ရင်း (၂)ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star ကပြောပါတယ်။
“ကျွန်တော်တို့ကတော့ ဗျူဟာ ၂၁ လက်အောက်ခံ တပ်ရင်း ၂ ဖြစ်တယ်။တပ်ရင်း ၂ ရဲ့ ဧရိယာမှာဆိုရင်တော့ တိုက်ပွဲအတွင်းဖမ်းဆီးရမိတာမရှိပါဘူး။အခုလောလောဆယ် စစ်ကောင်စီကတော့ အင်အားဖြည့်တင်းထားတာတချို့ရှိသလိုစောင့်ကြည့်အနေထားတွေရှိပါတယ်“လို့ပြောပါတယ်။
ပြည်သူလူထုအနေနဲ့ လေကြောင်း၊လက်နက်ကြီး အန္တရာယ် အထူးဂရုပြု နေထိုင်ကြဖို့၊စစ်တပ်နဲ့ပတ်သက်ဆက်နွယ်တဲ့ နေရာတွေကိုသွားရောက်တာတွေမပြုဖို့ ကာကွယ်ရေးအဖွဲ့တွေက သတိပေးထုတ်ပြန်ထားပါတယ်။


















































