ဟောမုဇ် ရေလက်ကြားနားက အိုမန်ကမ်းလွန် ရေပြင်မှာ ခုတ်မောင်းနေတဲ့ ရေနံတင် သင်္ဘောတစ်စီးကို အမျိုးအမည်မသိ အရာတစ်ခု ထိမှန်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ကြောင်း သိရပါတယ်။
အီရန်နဲ့ အမေရိကန်တို့ကြား အပစ်အခတ် ရပ်စဲထားပြီး ငြိမ်းချမ်းရေး ဆက်လက် ဆွေးနွေးနေတဲ့ အခြေအနေမှာပဲ အခု ဖြစ်ရပ် ပေါ်ပေါက်လာတာပါ။ ဗြိတိန် ရေကြောင်း ကုန်သွယ်ရေး ကွပ်ကဲမှုဌာန (UKMTO)က ဇူလိုင် ၆ ရက်နေ့မှာ သင်္ဘောတစ်စီး တိုက်ခိုက်မှု ခံခဲ့ရတာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အိုမန်နိုင်ငံ၊ လီမာဟ်မြို့ရဲ့ အရှေ့ဖက် ရေမိုင် ၈ မိုင်လောက် အကွာမှာ ခုတ်မောင်းနေတဲ့ ရေနံတင် သင်္ဘောတစ်စီးကို အမျိုးအမည်မသိ အရာတစ်ခု လာရောက် ထိမှန်ပြီး မီးလောင်ကျွမ်းခဲ့ကြောင်း UKMTOက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။
အခုကိစ္စကြောင့် သင်္ဘောအမှုထမ်းတွေ ထိခိုက်သေဆုံးတာ၊ ပတ်ဝန်းကျင် ထိခိုက်ညစ်နွမ်းတာမျိုး နောက်ဆက်တွဲ ပြဿနာတွေတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဟောမုဇ် ရေလက်ကြားတဝိုက် ရေပြင်ကို ဖြတ်သန်းခုတ်မောင်းတဲ့ သင်္ဘောတွေ အနေနဲ့ အထူးနိုးကြား သတိရှိကြဖို့လည်း အဲဒီဌာနက တိုက်တွန်းထားပါတယ်။

Public Service Announcement
အမေရိကန် သတင်းဌာန Axiosကတော့ အီရန်ဟာ ဇူလိုင် ၆ ရက် ညပိုင်းလောက်က အရပ်ဖက် ကုန်သွယ်ရေယာဉ်တွေကို အနည်းဆုံး ဒုံးကျည်နှစ်စင်း ပစ်ခတ်ခဲ့ကြောင်း၊ သင်္ဘောတစ်စီးက ထိမှန်ခံရပြီး အတော်လေး ထိခိုက်ပျက်စီးသွားခဲ့ကြောင်း အမေရိကန် လုံခြုံရေး သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။
အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်ကတော့ ဟောမုဇ်နားမှာ အီရန်က အရပ်ဖက် ရေယာဉ်တစ်စီးကို တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းအပေါ် လတ်တလော မှတ်ချက် မပေးသေးပါဘူး။
နှစ်ဆန်းပိုင်းတုန်းက အီရန်ကို ဗဟိုပြုပြီး ဖြစ်ပွားခဲ့တဲ့ အရှေ့အလယ်ပိုင်း စစ်ပွဲအတွင်း ဟောမုဇ်ဟာ တစ်ကမ္ဘာလုံး အာရုံစိုက်ရတဲ့ ဗဟိုချက်တစ်ခု ဖြစ်လာပါတယ်။ အဲဒီတုန်းက အီရန်ဟာ အမေရိကန်ရဲ့ စစ်ရေးအရ တိုက်ခိုက်မှုတွေကို တုံ့ပြန် ဖိအားပေးဖို့အတွက် နိုင်ငံတကာ စွမ်းအင်တင်ပို့မှု အချက်အခြာ ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ်ကို ပိတ်ချပစ်ခဲ့ပြီး တစ်ကမ္ဘာလုံးမှာ စွမ်းအင်အကျပ်အတည်းတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ အမေရိကန်နဲ့ အီရန်တို့ကြား စစ်ပြေငြိမ်းရေး ဆက်လက် ညှိနှိုင်းမယ့် နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပြီး ဟောမုဇ် ရေလက်ကြားကိုလည်း အီရန်က ပြန်ဖွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ စစ်ပွဲ မတိုင်ခင်တုန်းကလို အဲဒီ ရေလက်ကြားကို နိုင်ငံတကာ သင်္ဘောတွေ လွတ်လွတ်လပ်လပ် ဖြတ်သန်းခွင့်ရတဲ့ အခြေအနေမျိုး ဘယ်တော့မှ ပြန်ဖြစ်လာတော့မှာ မဟုတ်ကြောင်းနဲ့ ညွှန်ကြားတဲ့ လမ်းကြောင်းအတိုင်း တိတိကျကျ ခုတ်မောင်းကြဖို့ အီရန်က သတိပေးထားပါတယ်။
၂၀၂၄ ခုနှစ်တုန်းက အခြေအနေတွေအရ ဟောမုဇ် ရေလက်ကြားကို ဖြတ်သန်းပြီး နေ့စဉ် ရေနံစိမ်း စည်ပေါင်း သန်း ၂၀ လောက်ကို ပုံမှန်တင်ပို့နေပါတယ်။ ဒါဟာ တစ်ကမ္ဘာလုံးရဲ့ နေ့စဉ် ရေနံစိမ်း တင်ပို့မှု စုစုပေါင်း ပမာဏရဲ့ ငါးပုံတစ်ပုံနဲ့ ညီမျှကြောင်းလည်း သိရပါတယ်။
ကိုးကား: AFP


















































